News

POST TYPE

SPORTS

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲထုတ်ပြန်၊ မန်စီးတီးကို အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်စေလိုကြောင်း ပြိုင်ဘက်များ ဖွင့်ဟ
19-Mar-2019


လန်ဒန်၊ မတ် ၁၈

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်တွင် မန်စီးတီးနှင့် ဘရိုက်တန်၊ ဝုလ်ဗာဟမ်တန်နှင့် ၀က်ဖို့ဒ်တို့ ထိပ်တိုက်တွေ့သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အက်ဖ်အေသည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ကြားကွင်းဖြစ်သော ၀င်ဘလေဘောလုံးကွင်းကြီးတွင် ယှဉ်ပြိုင်ကစားသွားစေမည်ဖြစ်ပြီး လက်ကျန်အသင်းများအနက် အက်ဖ်အေဖလားကို ဆွတ်ခူးရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေသည်မှာ မန်စီးတီးဖြစ်သည်။

မန်စီးတီးသည် လက်ရှိအချိန်တွင် ဆုဖလားလေးလုံး လမ်းကြောင်းထက်တွင် ရပ်တည်နေဆဲဖြစ်ပြီး အကယ်၍ ဆုဖလားလေးလုံးကို ဆွတ်ခူးရယူကာ ရာသီသိမ်းနိုင်ခဲ့မည်ဆိုပါက မန်စီးတီးအသင်းမှာ အင်္ဂလိပ်ကလပ်အသင်းများအနက်တွင် ဘောလုံးရာသီတစ်ရာသီအတွင်း ဖလားလေးလုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်သော ပထမဆုံးဘောလုံးအသင်း ဖြစ်လာတော့မည်ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်ယူနှင့် လီဗာပူးတို့ အအောင်မြင်ဆုံးသောအချိန်ကာလများ၌ပင် ဖလားလေးလုံး ချန်ပီယံမဖြစ်ခဲ့သည့်အတွက် ယင်းသို့စွမ်းဆောင်နိုင်ရန်မှာ လွန်စွာခက်လိမ့်မည်ဖြစ်ကြောင်း အသိပေးထားပြီး ရာသီကုန်ဆုံးခါနီးအချိန်တွင် ရင်ဆိုင်ရမည့် ဖိအားများကို အချိန်အဆမှန်မှန်ဖြင့် ဖြတ်သန်းနိုင်မှသာလျှင် မန်စီးတီးအတွက် ရည်မှန်းချက်များအားလုံး အပြည့်အ၀ အကောင်အထည်ပေါ်နိုင်လိမ့်မည်ဟု ဂွါဒီယိုလာက မှတ်ချက်ပေးထားသည်။

အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူနှင့် စပါးတို့သည် အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်စီးတီးကို ချန်ပီယံဖြစ်စေလိုလျက်ရှိပြီး အကယ်၍ အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်းသာ ချန်ပီယံဆုနှင့် လွဲချော်သွားခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်ပြိုင်ပွဲကို အဆင့်ခြောက်နေရာရယူ၍သာ ရာသီသိမ်းနိုင်သောအသင်းတွေမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှနေ၍ စတင်ကစားရလိမ့်မည်ဖြစ်သည်။

အက်ဖ်အေဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်း ချန်ပီယံဖြစ်သွားခဲ့ပါက ပရီးမီးယားလိဂ်တွင် အဆင့်ခြောက်ရရှိသောအသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲ၏အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိလိမ့်မည်ဖြစ်ပြီး အကယ်၍ ခြေစစ်ပွဲကစားရမည့်အခြေအနေ ဖြစ်ပေါ်လာခဲ့ပါက ဇူလိုင်လ ၂၅ ရက်နေ့တွင် ခြေစစ်ပွဲများ စတင်ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်၍ ပရီးမီးယားလိဂ်တွင် အဆင့်ခြောက်သာရရှိသောအသင်းအတွက် ရာသီကြိုခြေစမ်းခရီးအချို့ကို ပြန်လည်ဖျက်သိမ်းရမည့်အခြေအနေများ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။