News

POST TYPE

SPORTS

မွန်ချီကို အသင်းအားကစားဒါရိုက်တာအဖြစ် ဆီဗီလာ ခန့်အပ်၊ အိုဗားမားစ်ကိုခေါ်ယူရန် အာဆင်နယ် ဆက်သွယ်
17-Mar-2019


လန်ဒန်၊ မတ် ၁၇

စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသည် မွန်ချီကို အားကစားဒါရိုက်တာရာထူးဖြင့် ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပြီး ယင်းအတွက် မွန်ချီကို လွန်စွာခေါ်ယူလိုလျက်ရှိသည့် အာဆင်နယ်အသင်းမှာ အေဂျက်အားကစားဒါရိုက်တာ အိုဗားမားစ်ဘက်သို့ ပြောင်းလဲဦးလှည့်လိုက်ရပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မွန်ချီသည် ယခုလအစောပိုင်းတွင် ရိုးမားအသင်းနှင့်လမ်းခွဲလိုက်ပြီးနောက် အာဆင်နယ်၊ ဆီဗီလာတို့နှင့် ဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့သောအသင်းများအနက်တွင် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့လည်း ပါဝင်ခဲ့သည်ဟု မွန်ချီက ထုတ်ဖော်ပြောကြားထားသည်။

မွန်ချီသည် ဆီဗီလာအတွက် အားကစားဒါရိုက်တာအဖြစ် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ပေးခဲ့အပြီးတွင် ရိုးမားထံသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ၁၇ နှစ်တာကာလအတွင်း ဆီဗီလာကို ဆုဖလား ၁၁ လုံး ဆွတ်ခူးရရှိနိုင်စေရန်အတွက် မွန်ချီက လူသစ်စုဆောင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

အာဆင်နယ်သည် လွန်ခဲ့သည့်ဖေဖော်ဝါရီလက ရာထူးနုတ်ထွက်သွားခဲ့သော လူသစ်စုဆောင်းရေးဌာန အကြီးအကဲ မစ်ဆလင်တတ်၏နေရာကို အားကစားဒါရိုက်တာတစ်ဦးနှင့် အစားထိုးရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ပြီး မွန်ချီမှာ လက်ရှိအသင်းနည်းပြ ယူနိုင်းအမ်မရီနှင့် လက်တွဲအလုပ်လုပ်ခဲ့ဖူးသူဖြစ်၍ ၎င်းကို အာဆင်နယ်က လွန်စွာခေါ်ယူလိုခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်၏ပစ်မှတ်စာရင်းတွင် ပါဝင်နေဆဲဖြစ်သော အေဂျက်အားကစားဒါရိုက်တာ အိုဗားမားစ်သည် အေဂျက်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေဆဲဖြစ်ပြီး အာဆင်နယ်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သော ၎င်းက အာဆင်နယ်အားကစားဒါရိုက်တာရာထူးအတွက် အလေးအနက်ထား၍ တရားဝင်ကမ်းလှမ်းလာခဲ့မည်ဆိုပါက လက်ခံစဉ်းစားပေးရန် အသင့်ရှိပါကြောင်း ထုတ်ဖော်ပြောကြားထားပြီလည်းဖြစ်သည်။