News

POST TYPE

SPORTS

ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်ဟု ဆိုးလ်ရှား ဖွင့်ဟ၀န်ခံ
17-Mar-2019


မန်ချက်စတာ၊ မတ် ၁၇

မန်ယူနည်းပြ ဆိုးလ်ရှားသည် ဝုလ်ဗာဟမ်တန်က မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ၎င်းတို့အနေနှင့် ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပေးလိုက်ရပြီဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ဝုလ်ဗာဟမ်တန်သည် မန်ယူကို အနိုင်ယူကျော်ဖြတ်လိုက်နိုင်သည့်အတွက် အသင်းသမိုင်းကြောင်း နောက်ဆုံး ၂၁ နှစ်တာကာလအတွင်းတွင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်ကို အရေးနိမ့်ခဲ့ရခြင်းထက် ဝုလ်ဗာဟမ်တန်ကို အရေးနိမ့်ခဲ့ရခြင်းက ပို၍လက်မခံနိုင်စရာကောင်းသည်ဟုလည်း ဆိုးလ်ရှားက မှတ်ချက်ပေးသွားခဲ့သည်။

ဆိုးလ်ရှားသည် ၎င်းအနေနှင့် မန်ယူကို စတင်တာဝန်ယူခဲ့ပြီးသည့်နောက်ပိုင်း၌ အသင်း၏အညံ့ဖျင်းဆုံးသောစွမ်းဆောင်ရည်ကို ယခုပွဲစဉ်တွင် မြင်တွေ့လိုက်ရခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့ပြီး အသင်းတစ်သင်းအတွက် ရှုံးပွဲကြုံရခြင်းဟူသောအခြေအနေမှာ မထူးဆန်းသော်လည်း ဝုလ်ဗာဟမ်တန်နှင့်ပွဲစဉ် အရှုံးရလဒ်ကမူ အသင်းအတွက် အထိနာလွန်းလှသည်ဟု ဆိုးလ်ရှားက ပြောကြားသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆိုးလ်ရှားက “ကျွန်တော်တို့အနေနဲ့ ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပေးလိုက်ရတာပါပဲ။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက အာဆင်နယ်ကို ကျွန်တော်တို့ ရှုံးခဲ့ပေမယ့် ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း ရှုံးဖို့မထိုက်တန်ဘဲ ရှုံးခဲ့ရတာလို့ ကျွန်တော် ပြောခဲ့တာပါ။ ဒီပွဲမှာတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကို ဖိအားလုံးဝမပေးနိုင်ခဲ့ဘဲ ရှုံးသင့်ရှုံးထိုက်စွာ ရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အသင်းတစ်သင်းဟာ ပွဲတိုင်းကို ထိပ်တန်းခြေစွမ်းနဲ့ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခုလိုပွဲမျိုး ရှုံးနိမ့်ရတာကတော့ အသင်းအတွက် အထိနာလွန်းလှပါတယ်”ဟု မှတ်ချက်ပေးသွားခဲ့သည်။