News

POST TYPE

SPORTS

ပင်နယ်တီဂိုးနှင့် လူကျွံဂိုးများအတွက် ဆွမ်ဆီးအသင်းကို ဂွါဒီယိုလာ တောင်းပန်
17-Mar-2019


ကာဒစ်ဖ်၊ မတ် ၁၇

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဆွမ်ဆီးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် အသင်းသွင်းယူရရှိခဲ့သော ဂိုးနှစ်ဂိုးမှာ မပေးသင့်သောဂိုးများဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ပြီး ယင်းသွင်းဂိုးနှစ်ဂိုးမှာ ပင်နယ်တီကတစ်ဆင့် သွင်းယူရရှိခဲ့သောဂိုးနှင့် လူကျွံဘောကတစ်ဆင့်ရရှိခဲ့သော အနိုင်ဂိုးတို့ဖြစ်သည်ဟု ဂွါဒီယိုလာက ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးသည် ဆွမ်ဆီးကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေသော အနေအထားကို ပြောင်းပြန်လှန်၍ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ဆွမ်ဆီးအသင်းပိုင် လေဘာတီဘောလုံးကွင်းတွင် ဗီဒီယိုဒိုင်လူကြီးစနစ်(VAR စနစ်)ကို အကောင်အထည်ဖော်ရန် နည်းပညာအထောက်အကူပြုပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသေးသည့်အချက်က ၎င်းတို့အတွက် လွန်စွာ ကံကောင်းသွားခဲ့သည်ဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။

ဆွမ်ဆီးသည် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင်  VAR စနစ်ကို အသုံးမပြုသေးသည့်အတွက် ယင်းစနစ်အတွက် လိုအပ်သောအစီအမံများကို ပြင်ဆင်မထားခဲ့ခြင်းဖြစ်ပြီး အကယ်၍ VAR စနစ်ရှိခဲ့မည်ဆိုပါက ပင်နယ်တီရရှိနိုင်လိမ့်မည် မဟုတ်သည့်အပြင် တတိယမြောက်သွင်းဂိုးမှာလည်း ပယ်ဖျက်ခံရမည်သာဖြစ်ကြောင်း ဂွါဒီယိုလာက အသိပေးသွားခဲ့သည်။

ဂွါဒီယိုလာသည် ယင်းပင်နယ်တီဂိုးနှင့် လူကျွံဂိုးများအတွက် ပွဲအပြီးသတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ဆွမ်ဆီးအသင်းနှင့် ဆွမ်ဆီးပရိသတ်များကို ၀န်ချတောင်းပန်သွားခဲ့ပြီး ၎င်းတို့ကြောင့် ဆွမ်ဆီးအနေနှင့် နစ်နာမှု ကြီးမားလွန်းခဲ့ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပါကြောင်းလည်း ဂွါဒီယိုလာက ပြောကြားသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ကာတာဗစ်ကားစ်ဟာ စတာလင်း ဆွဲယူလာတဲ့ဘောလုံးကို ဖျက်ထုတ်လိုက်ပေမယ့် လူကို မထိခဲ့ပါဘူး။ ဒါပေမဲ့ ဒိုင်လူကြီးက ကျွန်တော်တို့ကို ပင်နယ်တီအခွင့်အရေးပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ သွင်းယူရရှိခဲ့တဲ့ အနိုင်ဂိုးဆိုရင်လည်း လုံးဝကို လူကျွံနေခဲ့တာပါ။ VAR စနစ်သာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဂိုးရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကံကောင်းခဲ့ပေမယ့် ဆွမ်ဆီးက ကံဆိုးခဲ့ရပါတယ်။ အဲ့ဒီအတွက် ဆွမ်ဆီးအသင်းနဲ့သက်ဆိုင်သူအားလုံးကို ကျွန်တော် တောင်းပန်ပါတယ်”ဟု အသိပေးသွားခဲ့သည်။