News

POST TYPE

SPORTS

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပနိုင်ရန် ဖီဖာ ရည်ရွယ်ထား၊ အမျိုးသမီးပြိုင်ပွဲများတွင်လည်း VAR စနစ် သုံးတော့မည်
16-Mar-2019


နိုင်ယွန်၊ မတ် ၁၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် လက်ရှိကျင်းပနေသော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်း၍ စနစ်သစ်တစ်ရပ်ဖြင့် ပြိုင်ပွဲကို ပြောင်းလဲကျင်းပသွားရန် စီစဉ်နေပြီဖြစ်ပြီး ၎င်းတို့၏ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံစံသစ်ကို ဥရောပထိပ်သီးကလပ်အသင်းများက ကန့်ကွက်နေကြသော်လည်း အခက်အခဲ၊ အတားအဆီးများအကြားမှနေ၍ အကောင်းဆုံးကြိုးပမ်း အကောင်အထည်ဖော်သွားမည်သာဖြစ်သည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားသွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။

ဖီဖာသည် လက်ရှိအချိန်တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်စဉ် ဒီဇင်ဘာလ၌ ကမ္ဘာ့တိုက်ကြီးခြောက်တိုက်မှ အသင်းပေါင်း ခုနစ်သင်းဖြင့် စီစဉ်ကျင်းပပေးလျက်ရှိပြီး ယခုပြောင်းလဲမည့် စနစ်သစ်အရ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့်ရရှိနိုင်မည့် အသင်းအရေအတွက်မှာ ၂၄ သင်းအထိ ရှိလာတော့မည်ဖြစ်သည်။

ဖီဖာသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်စဉ်ကျင်းပမည့်အစား ကမ္ဘာ့ဖလားပြိုင်ပွဲကဲ့သို့ပင် လေးနှစ် တစ်ကြိမ်စနစ်ဖြင့် ကျင်းပရန်လည်း ဆုံးဖြတ်ထားပြီဖြစ်ပြီး ၎င်းတို့အနေနှင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ကလပ်အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်သည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်အထည်ပေါ်လာနိုင်ရန် လိုလားလျက်ရှိကြောင်း ဖီဖာက ထုတ်ပြန်ကြေညာထားပြီလည်းဖြစ်သည်။

ဖီဖာအဖွဲ့ဝင်များသည် ဥက္ကဋ္ဌ အင်ဖန်တီနို တင်ပြသည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံစံသစ်ကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် ထောက်ခံချက်များ အသီးသီး ပေးအပ်ခဲ့ကြပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် ဇွန်လနှင့် ဇူလိုင်လတို့၌ ကျင်းပမြဲဖြစ်သော တိုက်ကြီးများဖလား(ကွန်ဖက်ဒရေးရှင်းဖလား)ပြိုင်ပွဲနေရာတွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အစားထိုးသွားမည်ဖြစ်ကြောင်း ဖီဖာက အသိပေးအပ်ထားသည်။

ဥရောပထိပ်သီးကလပ်အသင်းကြီးများသည် ၎င်းတို့၏ကစားသမားများအတွက် မလိုလားအပ်သော ပွဲပန်းမှုများနှင့် ဒဏ်ရာပြဿနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ပုံစံသစ်ဖြင့် ကျင်းပမည့် ယင်းကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ရန် စီစဉ်နေကြပြီဖြစ်ပြီး အကယ်၍ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စနစ်သစ်ဖြင့် ကျင်းပဖြစ်ခဲ့ပါက ဥရောပကိုယ်စားပြု ကလပ်အသင်းရှစ်သင်း၊ တောင်အမေရိကကိုယ်စားပြု ကလပ်အသင်း ခြောက်သင်း၊ အာဖရိကကိုယ်စားပြု ကလပ်အသင်းသုံးသင်း၊ အာရှကိုယ်စားပြု ကလပ်အသင်းသုံးသင်း၊ မြောက်အမေရိကကိုယ်စားပြု ကလပ်အသင်းသုံးသင်း၊ ဗဟိုအမေရိကကိုယ်စားပြု ကလပ်အသင်းသုံးသင်းနှင့် သမုဒ္ဒရာပိုင်းကိုယ်စားပြု ကလပ်အသင်းတစ်သင်းတို့ကို ပြိုင်ပွဲဝင်ခွင့်ပေးရန် ဖီဖာက စီမံထားလျက်ရှိသည်။

ဖီဖာသည် လာမည့်ဇွန်လ ၇ ရက်နေ့ကစတင်ကာ ပြင်သစ်နိုင်ငံတွင် ကျင်းပသွားတော့မည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်(VAR စနစ်)ကို ထည့်သွင်းအသုံးပြုသွားတော့မည်ဖြစ်ပြီး ပြည်တွင်းလိဂ်အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင် VAR စနစ်ကို အသုံးပြုခြင်း မရှိသေးသောကြောင့် ယင်းအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR စနစ်ကို ပထမဆုံး အသုံးပြုသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်သည်။