News

POST TYPE

SPORTS

ဘာနာဒိုဆေးလ်ဗားကို မန်စီးတီး စာချုပ်သစ်ချုပ်၊ ဆာနေး၏စာချုပ်သစ်ကိစ္စတွင် မိခင်ဖြစ်သူ ကြားဝင်နှောင့်ယှက်
14-Mar-2019


မန်ချက်စတာ၊ မတ် ၁၄

မန်စီးတီးအသင်းသည် အသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား၏စာချုပ်သက်တမ်းကို သုံးနှစ် ထပ်တိုးလိုက်နိုင်ပြီဖြစ်ပြီး ယခုလက်မှတ်ရေးထိုးလိုက်သောစာချုပ်သစ်အရ ဘာနာဒိုဆေးလ်ဗားမှာ ၂၀၂၄-၂၅ ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ မန်စီးတီးထံတွင် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစတင်၍ အသင်းကစားသမားများကို စာချုပ်သစ်များ ဆက်တိုက် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စာချုပ်သစ်လက်မှတ်ရေးထိုးပြီးသော မန်စီးတီးကစားသမားအရေအတွက်မှာ ၁၁ ဦးအထိ ရှိသွားခဲ့ပြီဖြစ်သည်။

မန်စီးတီးသည် ရီးရဲလ်မက်ဒရစ်က ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူရန် ချိတ်ဆက်မှုများရှိလာသည့်အတွက် စာချုပ်သစ်ကိစ္စကို အလျင်အမြန် အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပြီး ယခုစာချုပ်သစ်အရ ဘာနာဒိုဆေးလ်ဗား၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင်တစ်သိန်းခွဲသို့ မြင့်တက်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။

ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးမှာ ရည်မှန်းချက်ကြီးမားသည့် အသင်းကြီးတစ်သင်းဖြစ်သည့်အပြင် နည်းပြ ဂွါဒီယိုလာကဲ့သို့သော အရည်အသွေးမြင့်နည်းပြတစ်ဦးကို ပိုင်ဆိုင်ထားသည့်အတွက် စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စကို ချက်ချင်းပင် လက်ခံလိုက်ခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့ပြီး လီရွိုင်းဆာနေးကို စာချုပ်သစ်ချုပ်ဆိုရေးတွင်မူ ကစားသမား၏မိခင်ဖြစ်သူက ကြားဝင်နှောင့်ယှက်နေသည့်အတွက် မန်စီးတီးက အဆင်မပြေမှုများဖြင့် ရင်ဆိုင်နေရလျက်ရှိသည်။

ဘာနာဒိုဆေးလ်ဗား၏မိခင်ဖြစ်သူ အနောက်ဂျာမနီကျွမ်းဘားမယ်ဟောင်း ရီဂျီနာ ဝီဘာသည် ၁၉၈၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်ပြီး သူမမှာ နည်းပြဂွါဒီယိုလာ၏လက်အောက်တွင် သူမ၏သားဖြစ်သူ ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရသည်ကို ဘ၀င်မကျနိုင်ဖြစ်နေသည့်အတွက် စာချုပ်သစ်ချုပ်ဆိုရေးကိစ္စကို နှောင့်နှေးနေစေခြင်းဖြစ်သည်။

ဆာနေး၏ဖခင်ဖြစ်သူ ဆီနီဂေါလက်ရွေးစင်ဘောလုံးကစားသမားဟောင်း ဆူလီမာနီကမူ သားဖြစ်သူမှာ နည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် တိုးတက်မှုများစွာ ရှိလာနိုင်သေးသည်ဟု ယူဆထားသော်လည်း ဇနီးသည်၏တားမြစ်ချက်ကြောင့် စာချုပ်သစ်ကိစ္စကို ကြားဝင်မဆွေးနွေးပေးနိုင်ဖြစ်နေပြီး အခြားသော မန်စီးတီးကစားသမားတစ်ဦးဖြစ်သည့် ကွင်းလယ်လူ ဂန်ဒိုဂန်ကိုမူ နည်းပြ ဂွါဒီယိုလာက စာချုပ်သစ်မချုပ်တော့ဘဲ အသင်းပြောင်းလိုပါက ၎င်းကို ပွင့်ပွင့်လင်းလင်း လာရောက်ပြောကြားနိုင်ကြောင်း သတိပေးထားပြီဖြစ်သည်။