News

POST TYPE

SPORTS

ဟန်ဒါဆန် ခြေမျက်စိဒဏ်ရာ ရရှိ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို ရောဘတ်ဆန် လွဲချော်မည်
14-Mar-2019


လီဗာပူး၊ မတ် ၁၄

လီဗာပူးကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် လီဗာပူးက ဘိုင်ယန်မြူးနစ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ခြေမျက်စိထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် အနားယူရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟန်ဒါဆန်သည် ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းချန်ပီယံလိဂ်ပွဲစဉ်တွင် ပွဲအစ ၁၂ မိနစ်၌ ခြေမျက်စိလည်ထွက်သွားခဲ့ကာ ပွဲဆက်လက်ကစားနိုင်ရန် အဆငိမပြေနိုင်တော့သည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီး ၎င်းကို နည်းပြ ဂျာဂင်ကလော့ပ်က ဖာဘင်ညိုနှင့် ချက်ချင်းပင် လူစားလဲလှယ်လိုက်ရသည်။

ဟန်ဒါဆန်သည် ဘိုင်ယန်မြူးနစ်တိုက်စစ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ဘောလုံးယှဉ်လုရာတွင် ယင်းဒဏ်ရာကို ရသွားခဲ့ခြင်းဖြစ်ပြီး ဟန်ဒါဆန် ကာလရှည်ကြာ နားရမည်ဆိုပါက အသင်းအတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ရပ်ဖြစ်လာမည်ကို နည်းပြ ဂျာဂင်ကလော့ပ်က စိုးရိမ်ပူပန်မှုများရှိနေပြီလည်းဖြစ်သည်။

နည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးအသင်းကွင်းလယ်တွင် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဂျိမ်းစ်မီလ်နာနှင့် လယ်လာနာတို့ကို အလှည့်ကျအသုံးပြုနေခြင်းဖြစ်ပြီး ဘောလုံးရာသီပြီးဆုံးခါနီးတွင် ပွဲကျပ်များ ဆက်တိုက်ကစားရတော့မည်ဖြစ်၍ အသင်းကစားသမားများ ပွဲပန်းမှုဒဏ်ပြင်းပြင်းထန်ထန်ခံစားရမည်ကို ၎င်းအနေနှင့် စိတ်ပူမိကြောင်းလည်း ဂျာဂင်ကလော့ပ်က ဖွင့်ဟ၀န်ခံထားပြီဖြစ်သည်။

လီဗာပူးက ဘိုင်ယန်မြူးနစ်ကို အနိုင်ရယူကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားနိုင်ခဲ့သည့် ယင်းချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် လီဗာပူးနောက်ခံလူ ရောဘတ်ဆန်သည် ပွဲပြီးခါနီး၌ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂိုရက်ဇကာကို ပြစ်ဒဏ်ကျူးလွန်ခဲ့မိသည့်အတွက် အဝါကတ်ပြ သတိပေးခံခဲ့ရပြီး လက်ရှိတွင် ရောဘတ်ဆန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၏သတ်မှတ်အဝါကတ်အရေအတွက် သုံးကတ်ပြည့်သွားခဲ့ပြီဖြစ်၍ အလိုအလျောက် တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံရတော့မည်လည်းဖြစ်သည်။

လီဗာပူးသည် ရှေ့လာမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်ကို ရောဘတ်ဆန် မပါဝင်ဘဲနှင့် ကစားရတော့မည်ဖြစ်ကာ ရောဘတ်ဆန်၏ပြစ်ဒဏ်ကျူးလွန်မှုမှာ အဝါကတ်ပြသအရေးယူရလောက်သည်အထိ မပြင်းထန်ဟု ၎င်းအနေနှင့်ယူဆမိကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် နည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နည်းပြ ဂျာဂင်ကလော့ပ်က “အများက မဖြစ်နိုင်လောက်ဘူးလို့ ယူဆထားတဲ့အရာတစ်ခုကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီးပါပြီ။ ချန်ပီယံလိဂ်ရဲ့ရှေ့လာမယ့်အဆင့်တွေဟာ အခုထက်ပိုပြီး ခက်ခဲမှာပါ။ ကျွန်တော်တို့ဟာ ဘယ်လောက်အထိ ပြင်းထန်တဲ့စိန်ခေါ်မှုမျိုးကိုဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ရှိနေပြီဆိုတာ ဒီပွဲက သက်သေပါပဲ။ တစ်ဆင့်ချင်းအလိုက် အကောင်းဆုံးဆက်လက်ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်မှုအပြည့်ရှိပါတယ်”ဟု အသိပေးသွားခဲ့သည်။