News

POST TYPE

SPORTS

နေမာကို ယူအီးအက်ဖ်အေ စစ်ဆေးမည်၊ စာချုပ်သစ်ချုပ်ရန် အသင့်ရှိသည်ဟု ဆိုးလ်ရှားကို ပေါ့ဂ်ဘာ ကတိပေးထား
14-Mar-2019


မန်ချက်စတာ။ မတ် ၁၄

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မန်ယူက ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ယင်းပွဲစဉ်ကို တာဝန်ယူပွဲကြီးကြပ်ခဲ့သည့် ဒိုင်လူကြီးများကို အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ရင့်သီးသောစကားလုံးများဖြင့် ဝေဖန်ထိုးနှက်ခဲ့သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၏လုပ်ရပ်ကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အပြစ်ရှိသည်ဟု သတ်မှတ်ခြင်းခံခဲ့ရမည်ဆိုပါက နေမာမှာ စွဲချက်တင် အရေးယူခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နေမာသည် ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် ပီအက်စ်ဂျီနောက်ခံလူ ကင်မ်ပင်ဘီ လက်ထိခဲ့သည်ကို ပင်နယ်တီ သတ်မှတ်ပေးလိုက်ခြင်းအတွက် ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲအပြီးတွင် ဒိုင်လူကြီးများအတွက် သတ်မှတ်ပေးထားသော ရုံးခန်းအတွင်းသို့ဝင်ရောက်၍ ပြဿနာရှာရန် ကြိုးပမ်းခဲ့ခြင်းကြောင့် နေမာကို ပီအက်စ်ဂျီကွင်းဝန်ထမ်းများက စိတ်လျှော့လိုက်ရန် ဝိုင်းဝန်းဖျောင်းဖျခဲ့ကြရသေးသည်။

နေမာသည် ပီအက်စ်ဂျီနှင့် မန်ယူတို့၏ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို တာဝန်ယူ ပွဲကြီးကြပ်ခဲ့ကြသော ဒိုင်လူကြီးများမှာ ဘောလုံးအကြောင်းကို နကန်းတစ်လုံးမျှ နားမလည်ကြသူများဖြစ်ကြောင်း အပြစ်တင်စကားဆိုခဲ့ပြီး ၎င်းတို့၏မှားယွင်းသောဆုံးဖြတ်ချက်တစ်ရပ်ကြောင့် ပီအက်စ်ဂျီမှာ နစ်နာမှု လွန်စွာကြီးမားခဲ့ရပြီဟုလည်း နေမာက မကျေမချမ်း ပြောကြားသွားခဲ့သည်။

နေမာသည် ၎င်း၏အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်တွင် “တကယ့်ကို ရှက်စရာပါပဲ။ ဘောလုံးအကြောင်းကို ဘာတစ်ခုမှ သေသေချာချာ နားမလည်တဲ့သူလေးယောက်က ဗီဒီယိုအနှေးပြကွက်တွေကို ကြည့်ရှုသုံးသပ်ပြီး မန်ယူကို ပင်နယ်တီအခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်က သူတို့လက်ထဲမှာရှိတယ်ဆိုပြီး လုပ်ချင်သလို လုပ်သွားပုံပါပဲ။ ကျွန်တော်ကတော့ သူတို့တွေကို အရင့်သီးဆုံးကစားနဲ့ပဲ ဆဲရေးလိုက်ချင်ပါတယ်”ဟု ရေးသားလွှင့်တင်ခဲ့ပြီး ယင်းအရေးအသားမှာ ဒိုင်လူကြီးများ၏ကိုယ်ကျင့်သိက္ခာကို စော်ကားရာရောက်သည့်အတွက် နေမာကို စစ်ဆေးရန် ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ပီအက်စ်ဂျီကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရသည့် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် နည်းပြဆိုးလ်ရှားကို အသင်းတာဝန်ရှိသူများဘက်က ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလာခဲ့မည်ဆိုပါက လက်ခံရန်အသင့်ရှိကြောင်း ကတိပေးအပ်ထားပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုလက်ထက်ကမူ ပေါ့ဂ်ဘာမှာ မော်ရင်ညိုနှင့်ဆက်ဆံရေးအဆင်မပြေခဲ့သည့်အတွက် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းမှုများ ရှိခဲ့ဖူးသည်။