News

POST TYPE

SPORTS

လိုင်ယွန်ပရိသတ်ငါးဦး ထိခိုက်ဒဏ်ရာရရှိ၊ ခြောက်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား
14-Mar-2019


ဘာစီလိုနာ၊ မတ် ၁၄

ဘာစီလိုနာက လိုင်ယွန်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် မစတင်မီတွင် လိုင်ယွန်ပရိသတ်အုပ်စုနှင့် ဘာစီလိုနာရဲတပ်ဖွဲ့ဝင်များအကြားတွင် ထိပ်တိုက်တွေ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် လိုင်ယွန်ပရိသတ်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း Marca က ဖော်ပြထားသည်။

လိုင်ယွန်ပရိသတ်လူအုပ်စုနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘာစီလိုနာအသင်းပိုင် နျူးကမ့်ဘောလုံးကွင်းအပြင်ဘက် တစ်နေရာတွင် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ကာ ဆူပူမှုများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော ယင်းလိုင်ယွန်ပရိသတ်များမှာ Bad Kids(ကလေးဆိုးများ)ဟု အမည်မှည့်ခေါ်ထားသည့် ပရိသတ်အုပ်စုဝင်များဖြစ်ကြောင်း ဘာစီလိုနာရဲတပ်ဖွဲ့က အထောက်အထားများ ရှာဖွေရရှိထားပြီဖြစ်သည်။

လိုင်ယွန်အသင်းကိုအားပေးသည့် ယင်း Bad Kids ပရိသတ်အုပ်စုသည် ရီးရဲလ်မက်ဒရစ်အသင်းကို အားပေးသည့် Ultrasur ပရိသတ်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားပြီး ဘာစီလိုနာမြို့သို့ ရောက်ရှိလာချိန်ကတည်းကပင် ယင်းပရိသတ်အုပ်စုမှာ အသေးအဖွဲပြဿနာများကို စတင်ဖန်တီးနေခဲ့ခြင်းဖြစ်သည်ဟု ဘာစီလိုနာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘာစီလိုနာရဲတပ်ဖွဲ့သည် လိုင်ယွန်အသင်းအားပေးသူများကို ရောင်စုံမီးခိုးဗုံးများ အဆက်မပြတ် ပစ်ဖောက်ခွဲခြင်း၊ သံသေးသံကြောင်များ အော်ဟစ်၍ ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း စသည့် အပြုအမူဆိုးများကြောင့် သွားရောက်ဟန့်တားခဲ့ရာကတစ်ဆင့် ၎င်းတို့နှင့် ထိပ်တိုက်တွေ့သည့်အခြေအနေမျိုးဖြစ်သွားခဲ့ပြီး မတတ်သာသည့်အဆုံးတွင် ပရိသတ်ဆိုးခြောက်ဦးကို ဘာစီလိုနာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်။

ဘာစီလိုနာရဲတပ်ဖွဲ့သည် လိုင်ယွန်ပရိသတ်များကို လူစုခွဲရန်အတွက် ငရုတ်ကောင်းဆေးရည်များဖြင့်ပင် ပက်ဖျန်းခဲ့ရပြီး ပရိသတ်လေးဦးမှာ ငရုတ်ကောင်းဆေးရည်ကြောင့် မျက်လုံးများ ကျိန်းစပ်ကာ ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်ကြောင်း၊ အခြားသောတစ်ဦးကမူ လုံးထွေးသတ်ပုတ်ရာကတစ်ဆင့် ထိခိုက်ဒဏ်ရာများရသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဘာစီလိုနာရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသွားခဲ့သည်။