News

POST TYPE

SPORTS

စမောလင်းကို ဘောလုံးကွင်းအတွင်းသို့ဝင်ရောက်၍ တွန်းထိုးတိုက်ခိုက်ခဲ့သူမှာ တိုင်ဆန်ဖျူရီ၏တစ်ဝမ်းကွဲညီဖြစ်
13-Mar-2019


မန်ချက်စတာ၊ မတ် ၁၂

မန်ယူနောက်ခံလူ စမောလင်းသည် အာဆင်နယ်က မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းအားပေးသူတစ်ဦး၏ရန်ပြုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လက်ရှိတွင် လန်ဒန်ရဲတပ်ဖွဲ့၏စစ်ဆေးဖော်ထုတ်ချက်များကြောင့် ယင်းရန်ပြုတိုက်ခိုက်သူပရိသတ်မှာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့ကစားသမား တိုင်ဆန်ဖျူရီ၏ညီတော်စပ်သူဖြစ်သည်ဟု အဖြေထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

တိုင်ဆန်ဖျူရီ၏ညီတစ်ဝမ်းကွဲတော်စပ်သူ ဂယ်ရီကူးပါးသည် လက်ရှိတွင် ၎င်းအနေနှင့် ယင်းသို့သော အပြုအမူဆိုးကို လုပ်မိခဲ့သည့်အတွက် နောင်တရလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ၎င်းကို တရားရုံးက မည်သည့်ပြစ်ဒဏ်မျိုး ချမှတ်ခဲ့သည်ဖြစ်စေ ကျေနပ်စွာဖြင့် လက်ခံသွားမည်သာဖြစ်ကြောင်းလည်း ဂယ်ရီကူးပါးက ထပ်လောင်းအသိပေးထားသေးသည်။

လန်ဒန်ရဲတပ်ဖွဲ့သည် လက်ရှိတွင် ဂယ်ရီကူးပါးကို အာမခံတစ်ရပ်ဖြင့် ပြန်လွှတ်ပေးကာ အမှုရင်ဆိုင်ခွင့်ပေးထားပြီး ယင်းအမှုကို လာမည့် ၂၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးက ကြားနာစစ်ဆေးသွားလိမ့်မည်ဖြစ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

အာဆင်နယ်နှင့် မန်ယူတို့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့သည့်နေ့နှင့် တစ်နေ့တည်းတွင် အင်္ဂလန်ချန်ပီယံရှစ်၌ ဘာမင်ဂမ်နှင့် အက်စတွန်ဗီလာတို့ ဘာမင်ဂမ်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယင်းပွဲစဉ်၌လည်း ဘာမင်ဂမ်ပရိသတ်တစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ ပေါလ်မစ်ရှယ်လ်အမည်ရပုဂ္ဂိုလ်က အက်စတွန်ဗီလာကွင်းလယ်လူ ဂရီအယ်လ်လစ်ရှ်ကို ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်၍ ရန်ပြုတိုက်ခိုက်ခဲ့သည်။

ဘာမင်ဂမ်တရားရုံးတော်သည် လက်ရှိတွင် ပေါလ်မစ်ရှယ်လ်ကို ယင်းအမှုအတွက် ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်ပြီဖြစ်ပြီး ပေါလ်မစ်ရှယ်လ်မှာ သီတင်းပတ် ၁၄ ပတ် ထောင်ဒဏ်ပြစ်ဒဏ်နှင့်အတူ ဘောလုံးကွင်းများသို့သွားရောက်၍ ပွဲကြည့်ရှုအားပေးခွင့် ၁၀ နှစ်ပိတ်ပင်ခံလိုက်ရပြီဖြစ်သည်။