News

POST TYPE

SPORTS

စီရော်နယ်ဒိုမှာ သက်ရှိဘောလုံးနတ်ဘုရားဟု ဖာဒီနန် ချီးကျူး
13-Mar-2019


မန်ချက်စတာ၊ မတ် ၁၂

ရုပ်သံအစီအစဉ်များတွင် ဘောလုံးပွဲရေးရာ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူနောက်ခံလူဟောင်း ဖာဒီနန်သည် ဂျူဗင်တပ်အသင်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသော ၎င်း၏မန်ယူအသင်းဖော်ဟောင်း စီရော်နယ်ဒိုမှာ သက်ရှိဘောလုံးနတ်ဘုရားဖြစ်သည်ဟု ချီးကျူးစကားပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် အက်သလက်တီကို၏အိမ်ကွင်းတွင် အက်သလက်တီကိုက ဂျူဗင်တပ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပထမအကျော့ပွဲစဉ်အပြီးတွင် အက်သလက်တီကိုအသင်းပရိသတ်များက ၎င်းကို လှောင်ပြောင်ခဲ့စဉ်၌ ဒုတိယအကျော့အဖြစ် ဂျူဗင်တပ်စတေဒီယမ်တွင် ယှဉ်ပြိုင်ကစားရမည့်ပွဲ၌ ယခုအရှုံးရလဒ်ကို ပြောင်းပြန်လှန်ပြမည်ဟု တုံ့ပြန်ကြုံးဝါးခဲ့ပြီး စီရော်နယ်ဒိုမှာ ၎င်း၏နှုတ်ကထွက်ခဲ့သော စကားကို လက်တွေ့အကောင်အထည်ဖော်ပြနိုင်ရန်အတွက် ဒုတိယအကျော့တွင် အခြားသောကစားသမားများထက် နှစ်ဆပို၍ ကြိုးစားသွားခဲ့ကြောင်းလည်း ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့သည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်က အက်သလက်တီကိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အသင်းအတွက် တစ်ဦးတည်း ဟက်ထရစ်သွင်းယူပေးသွားခဲ့ပြီး ယင်းဟက်ထရစ်ဂိုးကြောင့် အက်သလက်တီကိုဂိုးသမား အော့ဘ်လက်မှာ ၎င်းတင်ရှိထားသည့် စံချိန်မှတ်တမ်းကောင်းများစွာ ကျိုးပျက်သွားခဲ့ရသည်။

ဂိုးသမား အော့ဘ်လက်သည် အက်သလက်တီကိုကို ကိုယ်စားပြု၍ နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ပေါင်း ၁၀၀ တွင် ပွဲစဉ် ၅၅ ပွဲ ဂိုးမပေးရစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး နှစ်ဂိုးနှင့်အထက်ပေးခဲ့ရသော ပွဲအရေအတွက်မှာလည်း ၁၆ ပွဲတည်းသာ ရှိခဲ့ကာ ယခုကဲ့သို့ ကစားသမားတစ်ဦးတည်းက အော့ဘ်လက်ကို ဟက်ထရစ်သွင်းယူသည့်စွမ်းဆောင်မှုမျိုးကို စီရော်နယ်ဒိုကြောင့်သာ စွမ်းဆောင်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖာဒီနန်က “စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့သက်ရှိနတ်ဘုရားပါ။ ဒါကို သူ့ရဲ့စွမ်းဆောင်ရည်တွေက သက်သေခံနေပါတယ်။ ချန်ပီယံလိဂ်မှာ သူဘာတွေလုပ်ပြခဲ့ပြီးပြီလဲဆိုတာကို မှတ်တမ်းတွေ၊ စံချိန်တွေက သက်သေခံနေပြီးသားပါ။ ဒီနေ့သွင်းယူသွားခဲ့တဲ့ ခေါင်းတိုက်ဂိုးနှစ်ဂိုးဆိုရင်လည်း ထိပ်တန်းတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဒွန်ကန်ဖာဂူဆန်ရဲ့ခေါင်းတိုက်အဆုံးသတ်ချက်တွေကို အမှန်ရစရာပါပဲ။ လျင်မြန်မှု၊ အမြင့်ခုန်အားနဲ့ ပြိုင်ဘက်နောက်ခံလူတွေရဲ့အားနည်းချက်ကို ထိရောက်စွာ အသုံးချနိုင်ခဲ့မှုတွေကို ဒီခေါင်းတိုက်ဂိုးနှစ်ဂိုးမှာ တွေ့မြင်ကြရပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။