News

POST TYPE

SPORTS

စီရော်နယ်ဒိုမှာ မိမိကဲ့သို့ ဝိသေသလက္ခဏာများကို ထုတ်ဖော်ပြသရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ဆီမြွန်နီ မှတ်ချက်ပေး
13-Mar-2019


မက်ဒရစ်၊ မတ် ၁၂

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် ဂျူဗင်တပ်က အက်သလက်တီကိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ၎င်းနှင့်ပုံစံတူ တုပအောင်ပွဲခံသွားခြင်းကို မည်သည့်မှတ်ချက်စကားမျှ မပေးအပ်လိုကြောင်း အသိပေးသွားခဲ့ပြီး စီရော်နယ်ဒိုမှာ မိမိကဲ့သို့ပင် ၎င်း၏ဝိသေသလက္ခဏာကို ထုတ်ဖော်ပြသလိုခြင်းသက်သက်သာဖြစ်လိမ့်မည်ဟု ယူဆမိပါကြောင်း နည်းပြဆီမြွန်နီက ရှင်းပြသွားခဲ့သည်ဟု Marca က ဖော်ပြထားသည်။

ဆီမြွန်နီသည် အက်သလက်တီကိုက ဂျူဗင်တပ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပထမအကျော့ပွဲစဉ်တွင် ပေါင်ခွကြားနေရာကို လက်ဟန်ဖြင့်ပြသ၍ အောင်ပွဲခံသွားခဲ့ပြီး ယင်းအောင်ပွဲခံဟန်ကို သတင်းမီဒီယာများက ဥနှစ်လုံး(Cojones)အောင်ပွဲခံဟန်ဟု အမည်မှည့်ခေါ်ထားကြပြီလည်းဖြစ်သည်။

ဆီမြွန်နီသည် စီရော်နယ်ဒိုကို လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဟုလည်း ချီးကျူးစကားဆိုသွားခဲ့ကာ စီရော်နယ်ဒိုမှာ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော စွမ်းဆောင်ရည်များကို ချန်ပီယံလိဂ်ညပေါင်းများစွာတွင် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်းလည်း ဆီမြွန်နီက မှတ်ချက်ပေးသွားခဲ့သေးသည်။

ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် နည်းပြ ဆီမြွန်နီကို ဥနှစ်လုံးအောင်ပွဲခံဟန်နှင့်စပ်လျဉ်း၍ မသင့်လျော်သည့် ရိုင်းပြသောအပြုအမူကို ပြုမူသည်ဟု စွဲချက်တင်ကာ ဒဏ်ငွေ ပေါင် ၁၇,၀၀၀ တပ်ရိုက်ခဲ့ဖူးပြီး စီရော်နယ်ဒိုမှာလည်း ယခုအပြုအမူအတွက် ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏စွဲချက်တင် စစ်ဆေးမှုကို ခံရနိုင်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။