News

POST TYPE

SPORTS

ဆာလာ၏ပြောင်းရွှေ့ကြေးကို ရရှိရန်အတွက် နန်တက်စ်က တရားစွဲဆိုမှုကို ဖြေရှင်းရန်အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်များထံမှနေ၍ ကာဒစ်ဖ် အကြံဥာဏ်တောင်း
17-Feb-2019


ကာဒစ်ဖ်၊ ဖေဖော်ဝါရီ ၁၇

ကာဒစ်ဖ်အသင်းသည် မကြာသေးမီက လေယာဉ်ပျက်ကျကာ ကွယ်လွန်သွားခဲ့သော တိုက်စစ်မှူး ဆာလာ၏အပြောင်းအရွှေ့အတွက် ၎င်းတို့နှင့် ပြင်သစ်လီဂူးကလပ် နန်တက်စ်အကြားတွင် သဘောတူညီထားခဲ့သော ပြောင်းရွှေ့ကြေးကို ပေးချေရန် နန်တက်စ်ဘက်က တရားစွဲဆိုတောင်းဆိုလာခြင်းကို မည်သို့သောနည်းလမ်းမျိုးဖြင့် တုံ့ပြန်ရှင်းလင်းသင့်သည်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်များအနေနှင့် အကြံဥာဏ်ပေးစေလိုကြောင်း အကူအညီတောင်းလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။

နန်တက်စ်သည် ကာဒစ်ဖ်မှာ ဆာလာကို အသင်းကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြု မိတ်ဆက်ခဲ့ပြီးဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက်အကြားတွင် အပြောင်းအရွှေ့အတွက် သဘောတူညီထားသော ပြောင်းရွှေ့ကြေးကို ပေးချေရမည်သာဖြစ်သည်ဟု အကြောင်းကြားစာပေးပို့ထားပြီး ကာဒစ်ဖ်ဘက်ကမူ ၎င်းတို့အနေနှင့် ဆာလာကို အသုံးမပြုရသေးမီ၌ လေယာဉ်ပျက်ကျမှုဖြစ်ပွားကာ သေဆုံးသွားခဲ့ခြင်းကြောင့် ပြောင်းရွှေ့ကြေးကို ပေးချေရန် လိုအပ်လိမ့်မည်မဟုတ်ဟု ငြင်းဆိုပယ်ချထားသည်။

ကာဒစ်အသင်း၏ရှေ့နေများသည် ၎င်းတို့၏အသင်းမှာ ဆာလာကို အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ ဆောင်ရွက်ခဲ့အပြီးတွင် ဆေးစစ်မှုအောင်မြင်ခဲ့သည့်အတွက် အသင်းကစားသမားအဖြစ် မိတ်ဆက်ပေးမှုကို သာမန်လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်လက်မှတ်ရေးထိုးမှုကို မလုပ်ဆောင်ရသေးခြင်းကြောင့် ဆာလာမှာ နန်တက်စ်ကစားသမားအဖြစ်သာရှိနေသေးကြောင်း ထောက်ပြထားကြသည်။

ကာဒစ်ဖ်သည် ဆာလာကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဖြစ်သည့် ပေါင် ၁၅ သန်းဖြင့် နန်တက်စ်ထံမှနေ၍ ၀ယ်ယူခဲ့ခြင်းဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် အမှုဖြစ်ပွားခဲ့ပါက အချိန်ယူ၍ ဖြေရှင်းရမည့်အမှုမျိုးဖြစ်သွားနိုင်သည်ဟု ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက မှတ်ချက်ပေးထားသည်။