News

POST TYPE

SPORTS

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘာရိန်းဘောလုံးသမား အယ်လ်အေရိုင်ဘီ ပြန်လည်လွတ်မြောက်၊ သြစတြေးလျသို့ ချက်ချင်းပြန်
12-Feb-2019


ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂

ထိုင်းအစိုးရအာဏာပိုင်များသည် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘာရိန်းလက်ရွေးစင်ဘောလုံးကစားသမား အယ်လ်အေရိုင်ဘီကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး အယ်လ်အေရိုင်ဘီမှာ ပြန်လည်လွတ်မြောက်သည်နှင့်တစ်ပြိုင်နက် ၎င်းဒုက္ခသည်အဖြစ် ခိုလှုံနေသော သြစတြေးလျနိုင်ငံသို့ ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

အယ်လ်အေရိုင်ဘီသည် ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းကို နှစ်လတာ ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး အစောပိုင်း၌ အယ်လ်အေရိုင်ဘီကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)က အနီရောင်အဆင့် သတ်မှတ်ချက်ဖြင့် ၀ရမ်းထုတ်ထားခြင်းကြောင့် ၎င်းတို့အနေနှင့် ဖမ်းဆီးလိုက်ရခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခဲ့သည်။ 

အယ်လ်အေရိုင်ဘီကို ဖမ်းဆီးအပြီး ရက်အနည်းငယ်အကြာတွင် အင်တာပိုလ်က ၎င်းတို့၏ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း ဘာရိန်းအစိုးရက အယ်လ်အေရိုင်ဘီကို ၎င်းတို့ထံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများက ဖိအားပေးတောင်းဆိုမှုကြောင့် ဘာရိန်းအစိုးရအာဏာပိုင်များမှာ အယ်လ်အေရိုင်ဘီကို ဖမ်းဝရမ်းထုတ်ထားသည်ကို ဖျက်သိမ်းပေးလိုက်ရပြီဖြစ်သည်။

အယ်လ်အေရိုင်ဘီသည် ဘာရိန်းအစိုးရအာဏာပိုင်များ၏ဘာသာရေးကိုအခြေခံ၍ တစ်ဖက်စွန်းကျအုပ်ချုပ်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးအရေးယူတော့မည်ကို ရိပ်မိလာခဲ့အပြီးတွင် သြစတြေးလျနိုင်ငံသို့ ထွက်ခွာလာကာ ဒုက္ခသည်အဖြစ် ခိုလှုံလိုက်ခြင်းဖြစ်ပြီး ဘာရိန်းအစိုးရအာဏာပိုင်များမှာ အယ်လ်အေရိုင်ဘီကို ရဲစခန်းတစ်ခုကို ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲ၍ မျက်ကွယ်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။

အယ်လ်အေရိုင်ဘီကို ထောက်ခံအားပေးသူ ရာပေါင်းများစွာသည် ၎င်းကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြပြီး လေဆိပ်ပြင်ပသို့ရောက်ရှိပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ၎င်းလွတ်မြောက်ရေးအတွက် အဘက်ဘက်မှ အားကြိုးမာန်တက် ဝိုင်းဝန်းကူညီခဲ့သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း အယ်လ်အေရိုင်ဘီက ထုတ်ဖော်ပြောကြားသွားခဲ့သည်။