News

POST TYPE

SPORTS

ကမ္ဘာ့လုပ်ခလစာအကျိုးခံစားခွင့်အများဆုံးရ ကစားသမားစာရင်း၌ ရမ်ဆေး အဌမနေရာသို့ ရောက်ရှိ
12-Feb-2019


တူရင်၊ ဖေဖော်ဝါရီ ၁၂

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် ဂျူဗင်တပ်နှင့် အကြိုသဘောတူစာချုပ်ချုပ်ဆိုလိုက်အပြီးတွင် ကမ္ဘာ့လုပ်ခလစာအကျိုးခံစားခွင့် အများဆုံးရ ကစားသမားစာရင်း၌ အဆင့်ရှစ်နေရာသို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ကာ ဂျူဗင်တပ်မှာ ရမ်ဆေးကို လေးနှစ်သက်တမ်းစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်းတောင်းဆိုသော လုပ်ခလစာအကျိုးခံစားခွင့်ကို အာဆင်နယ်အသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချလိုက်အပြီးတွင် စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စကို ဖျက်သိမ်း၍ ဂျူဗင်တပ်ထံသို့ပြောင်းရွှေ့ကစားရန် ရမ်ဆေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရမ်ဆေးသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂျူဗင်တပ်ထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကာ ၎င်းကို ဂျူဗင်တပ်က တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်လေးသိန်းဖြင့် သဘောတူညီမှု ရယူလိုက်ခြင်းဖြစ်သည်။

ဂျူဗင်တပ်သည် ၎င်းတို့အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ရမ်ဆေးကို အသင်းကစားသမားအဖြစ် တရားဝင်အတည်ပြုဖော်ပြလိုက်ပြီဖြစ်ကာ ယခုလုပ်ခလစာအကျိုးခံစားခွင့်ကို အချိုးချတွက်ချက်ကြည့်မည်ဆိုပါက ရမ်ဆေးမှာ တစ်မိနစ်လျှင် ၃၉ ဒသမ ၆ ပေါင်၊ တစ်နာရီလျှင် ၂၃၈၀ ပေါင်၊ တစ်ရက်လျှင် ၅၇,၁၄၂ ပေါင် လုပ်ခလစာရရှိသူ ဖြစ်လာတော့မည်ဖြစ်သည်။

ရမ်ဆေးသည် လက်ရှိတွင် အာဆင်နယ်အသင်းအားပေးသူများကို ၎င်းအနေနှင့် ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးကာ နှုတ်ဆက်စကားပြောကြားလိုက်ပြီဖြစ်ပြီး အာဆင်နယ်ပရိသတ်များမှာ အသင်းအတွက် ပေးဆပ်မှုအပြည့်ဖြင့်ကစားသော ကစားသမားကောင်းများကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မကြိုးပမ်းသည့် ဒါရိုက်တာဘုတ်အဖွဲ့၏လုပ်ရပ်ကို လွန်စွာ ဒေါသပေါက်ကွဲနေကြပြီဖြစ်သည်။