News

POST TYPE

SPORTS

ဂါရတ်ဘေးလ်မှာ ယခုအချိန်တိုင်သည်အထိ စပိန်စကားမပြောတတ်သေးကြောင်း မာဆယ်လို အသိပေး
12-Feb-2019


မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၂

ရီးရဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုသည် ၎င်း၏အသင်းဖော် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်မှာ ယခုအချိန်တိုင်သည်အထိ စပိန်စကားမပြောတတ်သေးဟု ထုတ်ဖော်အသိပေးလိုက်ပြီး ယင်းအတွက်ကြောင့် ဂါရတ်ဘေးလ်မှာ ရီးရဲလ်မက်ဒရစ် အ၀တ်လဲခန်းအတွင်းသို့ရောက်ရှိလာပါက အခြားသော ကစားသမားများနှင့် စကားအပြန်အလှန် ပြောဆိုနိုင်ခြင်းမရှိဘဲ တစ်ကိုယ်တည်းနှုတ်ဆိတ်နေရလေ့ရှိသည်ဟုလည်း မာဆယ်လိုက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။

မာဆယ်လိုသည် စီရော်နယ်ဒိုနှင့် ကီကိုကာဆီလာတို့ ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့သွားခဲ့အပြီးတွင် ၎င်းအနေနှင့် အဖော်ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့ကာ အသင်းအ၀တ်လဲခန်းအတွင်း၌ ဂါရတ်ဘေးလ်နှင့် ၎င်းတို့ကို ဘေးချင်းကပ် စီစဉ်ပေးထားသော်လည်း ဂါရတ်ဘေးလ်က အင်္ဂလိပ်စကားကိုသာ ပြောကြားသည့်အတွက် ပြောဆိုဆက်ဆံရာတွင် အခက်အခဲများရှိနေကြောင်း မာဆယ်လိုက မှတ်ချက်ပေးသွားခဲ့သေးသည်။

ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော မက်ဒရစ်ဒါဘီ လာလီဂါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ၎င်း၏ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ဖြတ်သန်းမှု သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ဂါရတ်ဘေးလ် ရုန်းကန်ခဲ့ရသည်မှာ စပိန်စကားမပြောတတ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ဖွယ်ရှိကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ဂါရတ်ဘေးလ်သည် ဘောလုံးကွင်းအတွင်း၌ အသင်းဖော်များနှင့်ချိတ်ဆက်ကစားရာတွင် ဘာသာစကား အားနည်းချက်ကြောင့် အဆင်မပြေမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ရီးရဲလ်မက်ဒရစ်နည်းပြအဆက်ဆက်က ယူဆခဲ့ကြပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင်မူ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန်အတွက် ဂါရတ်ဘေးလ်၊ ဘင်ဇီးမား၊ မိုဒရစ်နှင့် ရာမို့စ်တို့ကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်သည်။