News

POST TYPE

SPORTS

ကမ္ဘာ့ဖလားအောင်ပွဲရ ဂန္ထ၀င် အင်္ဂလန်လက်ရွေးစင်ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်
12-Feb-2019


လန်ဒန်၊ ဖေဖော်ဝါရီ ၁၂

၁၉၆၆ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ရာ၌ ပွဲထွက်ဂိုးသမားအဖြစ် လက်စွမ်းပြခဲ့သော ဂန္ထ၀င်ကစားသမားကြီး ဂေါ်ဒွန်ဘန့်ခ်သည် အသက် ၈၁ နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂေါ်ဒွန်ဘန့်ခ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း စတုတ်စီးတီးနှင့် လက်စတာတို့ကို ကိုယ်စားပြုကစားစဉ်အချိန်များတွင် အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ကာ ဂေါ်ဒွန်ဘန့်ခ်မှာ ၎င်း၏နေအိမ်ရှိရာ မာဒီလေးဒေသတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏စတုတ်စီးတီးအသင်းဖော်ဟောင်းများက အတည်ပြုထားကြပြီလည်းဖြစ်သည်။

ဂေါ်ဒွန်ဘန့်ခ် ကွယ်လွန်သွားချိန်တွင် ဇနီးဖြစ်သူ အာဆူလာနှင့်အတူ ရင်သွေးများဖြစ်သည့် ဂျူလီယာ၊ ရောဘတ်နှင့် ၀င်ဒီတို့ ကျန်ရစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် မီးရှူးတိုင်သယ်ဆောင်ခွင့်ရခဲ့သော အားကစားသမားများအနက်တွင် ဂေါ်ဒွန်ဘန့်ခ်မှာလည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။

ဂေါ်ဒွန်ဘန့်ခ်သည် ၁၉၇၂ ခုနှစ်တွင် စတုတ်စီးတီးအသင်းနှင့်အတူ လိဂ်ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်ရခဲ့ပြီး ယင်း ၁၉၇၂ ခုနှစ် နှောင်းပိုင်းကာလတွင် ယာဉ်မတော်တဆမှုဖြစ်ကာ မျက်လုံးအမြင်အာရုံပျက်စီးသွားခဲ့ရအပြီးတွင် ၎င်း၏စွမ်းဆောင်ရည်များမှာ လျော့ကျသွားခဲ့ရသည်။