News

POST TYPE

SPORTS

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် လမ်းပတ် ရေပန်းစား
11-Feb-2019


လန်ဒန်၊ ဖေဖော်ဝါရီ ၁၁

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို တာဝန်ယူကိုင်တွယ်နေသည့် ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း လမ်းပတ်သည် ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေပြီဖြစ်ပြီး အားကစားရေးရာ ကံစမ်းကုမ္ပဏီများ(ဘွတ်ကီဒိုင်များ)ကလည်း လမ်းပတ်ကို ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် နှစ်လေး တစ်လေးဖြင့် အလေးပေးချက် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် လက်ရှိတွင် နည်းပြဆာရီ၏အနာဂတ်ကို ဆွေးနွေးနေကြပြီဖြစ်ပြီး ဘောလုံးရာသီပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်တစ်နေရာစာကို ရယူနိုင်ခြင်း မရှိခဲ့ပါက ဆာရီကို ရာထူးထုတ်ပယ်ပြီး နည်းပြသစ်တစ်ဦးခေါ်ယူရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက စိတ်ပိုင်းဖြတ်ထားပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည် နည်းပြသစ်ခန့်အပ်မည်ဆိုပါက အသင်းအကြောင်းကို နားလည်သဘောပေါက်ထားပြီးသူများအနက်မှနေ၍သာ ရွေးချယ်ရန် ဆန္ဒရှိနေပြီဖြစ်ပြီး လမ်းပတ်၏နောက်တွင် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ခုနစ်လေး တစ်လေးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်သော လက်ရှိလက်ထောက်နည်းပြ ဇိုလာက ရှစ်လေး တစ်လေးဖြင့်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်းတွင်း အခြေအနေများကို အတိအကျ သိရှိနိုင်စေရန်အတွက် နည်းပြ ဆာရီကို ခေါ်ယူတွေ့ဆုံရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး နည်းပြဆာရီကလည်း ၎င်းအနေနှင့် ချယ်လ်ဆီးကို တာဝန်ယူခဲ့စဉ်ကတည်းက အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဆိုရခြင်း မရှိသေးသည့်အတွက် ယင်းအခွင့်အရေးရလိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။