News

POST TYPE

SPORTS

ချန်ပီယံလိဂ်ကစားလိုသည်အတွက် အသင်းပြောင်းရန် စိတ်ကူးနေပြီဟု မန်ယူပစ်မှတ် မာဂွီရေး ဖွင့်ဟ
11-Feb-2019


မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၁

လက်စတာနောက်ခံလူ မာဂွီရေးသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားလိုသည့်အတွက် အသင်းပြောင်းရန် စိတ်ကူးရှိနေပြီဖြစ်ကာ လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူမှာ မာဂွီရေးကိုခေါ်ယူရန်အတွက် တစ်ကျော့ပြန်လည် ဆွေးနွေးဖွယ်ရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်ဟု The Mirror က ဖော်ပြထားသည်။

မန်ယူအသင်းသည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် မာဂွီရေးကိုခေါ်ယူရန် လက်စတာထံသို့ ဆက်သွယ်ကမ်းလှမ်းခဲ့သော်လည်း အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေခဲ့ခြင်းကြောင့် မာဂွီရေးမှာ မန်ယူထံသို့ ရောက်မလာခဲ့ခြင်းဖြစ်ပြီး လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင်မူ မန်ယူဘက်က ၎င်းကို တစ်ကျော့ပြန်လည် ဆက်သွယ်မှုများရှိလာခဲ့ပါက မာဂွီရေးမှာ အသင်းပြောင်းခွင့်ရနိုင်ရန် ကျိန်းသေ ကြိုးပမ်းဖွယ်ရှိနေပြီဖြစ်သည်။

လက်စတာအသင်းကစားသမားအများစုသည် နည်းပြ ပူအယ်လ်၏ဦးဆောင်မှုအောက်တွင် ကစားရသည်ကို ဘ၀င်မကျမှုများရှိနေကြပြီဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ခုနစ်ပွဲတွင် ခြောက်ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးသည့်နောက်၌ နည်းပြ ပူအယ်လ်၏အနာဂတ်မှာ လှုပ်ခတ်သွားခဲ့ပြီဖြစ်သည်။

လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်သည်လည်း အသင်းနည်းပြအဖြစ် ပူအယ်လ် ဆက်ရှိနေမည်ဆိုပါက နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပြီး မန်ယူမှာ စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့ကို စာချုပ်သစ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူရန်ကိုမူ အစီအစဉ် ရေးဆွဲထားဆဲဖြစ်သည်။