POST TYPE

SPORTS

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးရှုံးပွဲနှင့် ချယ်လ်ဆီး ကြုံဆုံ၊ အလန်ရှီးယား၏ဟက်ထရစ်စံချိန်ကို အဂူရို လိုက်မီ
11-Feb-2019


လန်ဒန်၊ ဖေဖော်ဝါရီ ၁၁

ချယ်လ်ဆီးအသင်းသည် မန်စီးတီးကို ခြောက်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်လိုက်ရသော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းဖြတ်သန်းမှုတစ်လျှောက်၌ အကြီးမားဆုံးသောရှုံးပွဲကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ယခုမတိုင်မီတွင် ချယ်လ်ဆီးအသင်းအတွက် အကြီးမားဆုံးသောရှုံးပွဲဖြစ်ခဲ့ဖူးသည်မှာ ပထမတန်အမှတ်ပေးပြိုင်ပွဲအမည်ဖြင့် ကျင်းပစဉ်ကာလ ၁၉၉၁ ခုနှစ်တွင် နော်တင်ဟမ်ဖောရက်စ်ကို ခုနစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် ပြိုင်ပွဲအရပ်ရပ်အနေနှင့် တွက်ကြည့်မည်ဆိုပါကလည်း နောက်ဆုံး ၂၈ နှစ်တာကာလဖြတ်သန်းမှုအတွင်း အကြီးမားဆုံးသောရှုံးပွဲကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ကာ ယခုရှုံးပွဲက ချယ်လ်ဆီးကစားသမားများ၏စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်ကို ရိုက်ခတ်မှုများစွာ ဖြစ်လာစေတော့မည်ဖြစ်ကြောင်းလည်း ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက သုံးသပ်သွားခဲ့သည်။

ချယ်လ်ဆီးသည် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် အဝေးကွင်းပွဲစဉ်များ၌ လေးဂိုးနှင့်အထက် နှစ်ပွဲဆက် အရေးနိမ့်လိုက်ရသောအခြေအနေဆိုးကို ပထမဆုံးအကြိမ်အဖြစ် တစ်ကျော့ပြန်လည် ရင်ဆိုင်လိုက်ရခြင်းလည်းဖြစ်ပြီး  ချယ်လ်ဆီးကစားသမားအများစုမှာ နည်းပြဆာရီ၏ဦးဆောင်မှုကို ယုံကြည်မှုလျော့ကျနေပြီဖြစ်ကြောင်း အတွင်းသတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ချယ်လ်ဆီးအသင်း၏ဂိုးပြတ်ရှုံးပွဲသည် မန်ယူကို ပွဲစဉ် ၂၅ ယှဉ်ပြိုင်ပြီးချိန်တွင် အဆင့်လေးနေရာသို့ တက်လှမ်းသွားနိုင်စေရန် ပံ့ပိုးပေးလိုက်ပြီဖြစ်ပြီး ယခုပွဲစဉ်တွင် ချယ်လ်ဆီးဘက်သို့ ဟက်ထရစ်သွင်းယူသွားခဲ့သော မန်စီးတီးတိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ်ဂန္ထ၀င်တိုက်စစ်မှူး အလန်ရှီးယား၏ဟက်ထရစ် ၁၁ ကြိမ်ရယူနိုင်သောစံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။

မန်စီးတီးနှင့် ချယ်လ်ဆီးတို့၏ပွဲစဉ်ကို တာဝန်ယူပွဲကြီးကြပ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းန်သည် ပွဲပြီးဆုံးချိန်တွင် ဘောလုံးကို အင်္ကျီနောက်ကျောဘက်သို့ ထည့်သွင်းဝှက်ထားကာ အဂူရိုကို ကျီစယ်နောက်ပြောင်ခဲ့ပြီး အဂူရိုက ပွဲကစားခဲ့သောဘောလုံးကို အမှတ်တရအဖြစ်ပေးရန် တောင်းဆိုသောအခါမှသာ မိုက်ခ်ဒင်းန်က ဝှက်ထားသောဘောလုံးကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

အဂူရိုသည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ကို အိမ်ကွင်း အီတီဟတ်ဒ်တွင် လက်ခံကစားခွင့်ရသည့် အမှတ်ပေးပွဲစဉ် နှစ်ပွဲဆက်တိုက် အသင်းအတွက် ဟက်ထရစ်ရယူပေးနိုင်ခဲ့ပြီး ယင်းအတွက် ၎င်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် ပွဲစဉ်နှစ်ပွဲဆက် ဟက်ထရစ်ရယူနိုင်သော ပဉ္စမမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်သည်။