News

POST TYPE

SPORTS

လူငယ်ကွင်းလယ်ကစားသမား မက်တိုမီနေးကို မန်ယူ စာချုပ်သစ်ချုပ်ဆို
22-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၂၂

မန်ယူအသင်းသည် လူငယ်ကွင်းလယ်ကစားသမား မက်တိုမီနေးကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မက်တိုမီနေးမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တိုင်သည်အထိ မန်ယူကစားသမားအဖြစ် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

မက်တိုမီနေးသည် မန်ယူလူငယ်အကယ်ဒမီက ထွက်ပေါ်လာခဲ့သည့် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်အလားအလာကောင်းများကို ပိုင်ဆိုင်ထားသော မက်တိုမီနေးကို စာချုပ်သစ်လက်မှတ်ရေးထိုးလိုက်နိုင်သည့်အတွက် လွန်စွာအားရကျေနပ်မိပါကြောင်း အသင်းယာယီနည်းပြ ဆိုးလ်ရှားက ပြောကြားသွားခဲ့သည်။

မန်ယူသည် အသက် ၂၂ နှစ်အရွယ်ရှိ မက်တိုမီနေး၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင် ၃၀,၀၀၀ သို့ တိုးမြှင့်ပေးလိုက်ပြီး ကစားသမားဖြစ်သူ၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို နှစ်ခြိုက်သဘောကျပါက စာချုပ်ကန်ထရိုက်သက်တမ်းကို အသင်းဘက်က အလိုအလျောက် တစ်နှစ်ထပ်တိုးနိုင်စေရန်လည်း မန်ယူက စီမံထားသည်။

မက်တိုမီနေးသည် လက်ရှိတွင် မန်ယူထံ၌ ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး ၎င်းမှာ အသက်အရွယ်အရ ငယ်ရွယ်နေဆဲဖြစ်ခြင်းနှင့် နည်းပြဆိုးလ်ရှားထံမှနေ၍ အချိန်မပြတ် လေ့လာသင်ယူနေခြင်းတို့ကြောင့် ရင့်ကျက်တိုးတက်လာလိမ့်မည်ဟု မက်တိုမီနေးက အခိုင်အမာ ယုံကြည်လျက်ရှိသည်။