News

POST TYPE

SPORTS

မန်ယူနည်းပြသစ်ဖြစ်လာရန် ပိုချက်တီနို ရေပန်းစားနေဆဲဖြစ်ကြောင်း ဆိုးလ်ရှား ၀န်ခံ၊ စပါးနှင့်ပွဲ့ကို ပေါ့ဂ်ဘာ ပါဝင်ကစားမည်
11-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၁၁

မန်ယူယာယီနည်းပြ ဆိုးလ်ရှားသည် စပါးနှင့် မန်ယူတို့၏ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲအခမ်းအနား၌ စပါးနည်းပြ ပိုချက်တီနိုမှာ လက်ရှိအချိန်တိုင်သည်အထိ မန်ယူနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေဆဲဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ဆိုးလ်ရှားသည် ပိုချက်တီနိုမှာ စပါးအတွက် ထိုက်တန်သောနိုင်ပွဲများကို ဆက်တိုက်ရယူပေး၍ မန်ယူနည်းပြရာထူးနှင့် ထိုက်တန်ကြောင်းကို သက်သေပြနေဆဲဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ၎င်းကမူ မန်ယူအသင်း၏အမြဲတမ်းနည်းပြဖြစ်ခွင့်ရရှိရေးဆိုသည်ထက် အသင်းပြန်လည်ဦးမော့လာရေးနှင့် အတိတ်ကာလကကဲ့သို့ အောင်မြင်မှုလမ်းကြောင်းထက်တွင် ပြန်လျှောက်နိုင်ရေးကိုသာ အာရုံစိုက်ထားကြောင်းလည်း ဆိုးလ်ရှားက ရှင်းပြသွားခဲ့သည်။

ဆိုးလ်ရှားသည် မန်ယူအသင်းကစားသမားများကို ပထမအကျော့၌ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် စပါးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည့်ပွဲစဉ်အကြောင်းကို မေ့ပစ်လိုက်ရန် တိုက်တွန်းထားပြီး လက်ရှိမန်ယူမှာ စိတ်သစ်ကိုယ်သစ် ပုံစံသစ်နှင့်မန်ယူဖြစ်ကြောင်း ယုံကြည်ချက်အပြည့်ထားရှိ၍ ကစားမည်ဆိုပါက ယခုပွဲစဉ်တွင် အနိုင်မရနိုင်ရန် မည်သည့်အကြောင်းမျှ မရှိဟုလည်း ဆိုးလ်ရှားက အသင်းသားများကို စိတ်ဓာတ်မြှင့်တင်ရေးစကားဆိုသွားခဲ့သေးသည်။

ဆိုးလ်ရှားသည် စပါးနှင့် မန်ယူတို့အကြားတွင် ရမှတ် ၁၀ မှတ်အထိ ကွာဟနေခြင်းကို မဖြစ်မနေ လျှော့ချနိုင်ရန် ကြိုးပမ်းရလိမ့်မည်ဟုလည်း ပြောကြားထားပြီး ရာသီပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်ကို ရယူနိုင်ရန်အတွက် ယခုပွဲစဉ်မှာ ပထမဆုံးသောစိန်ခေါ်မှုဖြစ်သည်ဟုလည်း ဆိုးလ်ရှားက မှတ်ချက်ပေးထားသေးသည်။

ဆိုးလ်ရှားသည် နယူးကာဆယ်နှင့်ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးကုသမှုခံယူနေရသော ပေါ့ဂ်ဘာမှာ လက်ရှိတွင် စပါးနှင့်ပွဲစဉ်ကို အသင်းအတွက် ပါဝင်ကစားပေးရန် အသင့်အနေအထားတွင် ရှိနေပြီဟု အသိပေးသွားခဲ့ပြီး နောက်ခံလူ ရိုဂျိုကမူ ဒဏ်ရာပြဿနာကို ဆေးကုသမှုအချို့ ဆောင်ရွက်ရန်အတွက် ၎င်း၏မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံသို့ ပြန်သွားကြောင်း ဆိုးလ်ရှားက ပြောကြားထားသည်။