News

POST TYPE

SPORTS

ကစားသမားဘ၀က အနားယူတော့မည်ဖြစ်ကြောင်း အန်ဒီမာရေး တရားဝင် ထုတ်ပြန်ကြေညာ
11-Jan-2019


ဆစ်ဒနီ၊ ဇန်နဝါရီ ၁၁

ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးသည် ယခုနှစ် ၀င်ဘယ်လ်ဒန်ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ကစားသမားဘ၀က အနားယူတော့မည်ဖြစ်ကြောင်း တရားဝင်သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ယခုဆုံးဖြတ်ချက်ကို စိတ်မကောင်းခြင်းကြီးစွာဖြင့် ချမှတ်လိုက်ရခြင်းဖြစ်သည်ဟုလည်း အန်ဒီမာရေးက ရှင်းပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ၀င်ဘယ်ဒန်ဂရင်းဆလင်း ချန်ပီယံဆု နှစ်ကြိမ်နှင့် ယူအက်စ်အိုးပင်းဂရင်းဆလင်း ချန်ပီယံဆု တစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည့် အန်ဒီမာရေးသည် ကာလရှည်ကြာခံစားခဲ့ရသော တင်ပါးဒဏ်ရာ အလျဉ်းသက်သာပျောက်ကင်းနိုင်ရန် မလွယ်ကူတော့ခြင်းကြောင့် ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပနေချိန်တစ်လျှောက်လုံးတွင် အန်ဒီမာရေးမှာ မျက်ရည်များကျဆင်းကာ စိတ်ထိခိုက် ငိုကြွေးနေခဲ့သည်။

အန်ဒီမာရေးသည် လာမည့်တနင်္ဂနွေနေ့တွင် စတင်ကျင်းပတော့မည့် သြစတြေးလျအိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၌ ပါဝင်ကစားရန် စာရင်းပေးထားပြီး ပထမအဆင့်ပွဲစဉ်များ မဲခွဲရာတွင် ၎င်းက စပိန်တင်းနစ်ကစားသမား ဘော်တစ္စတာ အေဂတ်နှင့်ယှဉ်ပြိုင်ရမည်ဟု အတွဲအဖက်ထွက်ပေါ်လာခဲ့သည်။

အန်ဒီမာရေးသည် ၎င်းအနေနှင့် ဗြိတိန်တင်းနစ်ပရိသတ်များရှေ့မှောက်တွင် ပြိုင်ပွဲများယှဉ်ပြိုင်ကစား၍ တင်းနစ်လောကကို နှုတ်ဆက်လိုခြင်းကြောင့် ၀င်ဘယ်လ်ဒန်ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲအပြီးတွင် ကစားသမားဘ၀ဖြတ်သန်းမှု အဆုံးသတ်မည်ဟု ဆုံးဖြတ်ထားသော်လည်း အခန့်မသင့်ပါက လာမည့်သီတင်းနှစ်ပတ်အတွင်း၌ အနားယူလိုက်သည့်အခြေအနေမျိုးလည်းဖြစ်လာနိုင်သည်ဟု ပြောကြားသွားခဲ့ပြီး လက်ရှိအခြေအနေများအရ သြစတြေးလျအိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲကို အကောင်းဆုံးပုံစံတစ်ရပ်ဖြင့် အန်ဒီမာရေး ယှဉ်ပြိုင်နိုင်ရန်မှာ ရာခိုင်နှုန်း လွန်စွာနည်းပါးနေပြီလည်းဖြစ်သည်။

အန်ဒီမာရေးသည် ကစားသမားဘ၀ဖြတ်သန်းမှု အဆုံးသတ်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ချိန်တွင် အသက် ၃၁ နှစ်အရွယ်သာရှိသေးပြီး လက်ရှိတွင် ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲများ ပါဝင်ကစားနိုင်ခြင်းမရှိသည့်အတွက် ၎င်း၏ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၂၃၀ သို့ ထိုးဆင်းကျသွားခဲ့ပြီဖြစ်သည်။

ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဟောင်းတစ်ဦးဖြစ်သော အန်ဒီမာရေးသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၆၆၃ ပွဲ အနိုင်ရရှိခဲ့ကာ ဆုဖလားပေါင်း ၄၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။