News

POST TYPE

SPORTS

စပါးနှင့်ပွဲစဉ်က မန်ယူတိုးတက်လာခြင်း ရှိ၊ မရှိကို အဆုံးအဖြတ်ပေးမည့်သဘောရှိ၍ အနိုင်ရလဒ်ကို အရယူရန်လိုကြောင်း ဖီးလ်ဂျုံးစ် သတိပေး
10-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၁၀

မန်ယူနောက်ခံကစားသမား ဖီးလ်ဂျုံးစ်သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စပါးနှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းခြေစွမ်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်များ တိုးတက်လာခြင်း ရှိ၊ မရှိကို အဆုံးအဖြတ်ပေးမည့်သဘောရှိ၍ အနိုင်ရလဒ်ကို အရယူနိုင်ရန် လိုအပ်သည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဖီးလ်ဂျုံးစ်သည် မန်ယူမှာ ယာယီနည်းပြဆိုးလ်ရှား၏ဦးဆောင်မှုအောက်တွင် ပြိုင်ပွဲအရပ်ရပ်၌ ငါးပွဲဆက်တိုက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သော်လည်း အဆင့်တူအသင်းကြီးများ၏လေးစားမှုကို ရရှိခြင်း မရှိသေးကြောင်း မှတ်ချက်ပေးလိုက်ပြီး အဝေးကွင်းတွင် စပါးကို အနိုင်ကစားလိုက်နိုင်ပါကမူ ပြိုင်ဘက်များအားလုံးမှာ မန်ယူကို အတိတ်ကာလကကဲ့သို့ ပြန်လည်သတိထားလာကြတော့မည်ဖြစ်ကြောင်းလည်း ဖီးလ်ဂျုံးစ်က ပြောကြားသွားခဲ့သည်။

မန်ယူသည် များမကြာမီကာလအတွင်း၌ ပွဲကျပ်များ ဆက်တိုက်ယှဉ်ပြိုင်ရတော့မည်ဖြစ်ကာ ယင်းပွဲကျပ်ကာလတွင် အသင်းတာဝန်ရှိသူများနှင့် ပရိသတ်များ လက်ခံနိုင်လောက်ဖွယ်ရာ ရလဒ်တစ်ခုကို ရရှိခဲ့ပါက ဆိုးလ်ရှားမှာ အမြဲတမ်းနည်းပြရာထူးကိုရယူနိုင်ရန် လွန်စွာအခြေအနေကောင်းသွားလိမ့်မည်ဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖီးလ်ဂျုံးစ်က “ကျွန်တော်တို့ဟာ အခုဆိုရင် ပွဲစဉ်ငါးပွဲကို ဆက်တိုက် အနိုင်ယူပြခဲ့ပါပြီ။ ဒါပေမဲ့ အဲ့ဒီပွဲစဉ်တွေဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စမ်းသပ်မှုမျိုး မဟုတ်သေးဘူးလို့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ဒီအမြင်တွေကို ကျွန်တော်တို့ ပြောင်းလဲနိုင်စရာနည်းလမ်းက တစ်ခုတည်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ စပါးကို အနိုင်ကစားပြဖို့ပါပဲ”ဟု ပြောကြားသွားခဲ့သည်။