News

POST TYPE

SPORTS

ဒင်းနစ်ဆွာရက်ဇ်အပြောင်းအရွှေ့အတွက် ကစားသမားနှင့်သဘောတူညီမှုရထားပြီဖြစ်သော်လည်း ဘာစီလိုနာနှင့်ဆွေးနွေးမှုအဆင်မပြေ၍ အာဆင်နယ်အခက်ကြုံ
10-Jan-2019


လန်ဒန်၊ ဇန်နဝါရီ ၉

အာဆင်နယ်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကိုခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းရာတွင် ကစားသမားဖြစ်သူနှင့် အလုံးစုံသဘောတူညီမှုရထားပြီဖြစ်သော်လည်း ဘာစီလိုနာဘက်က တောင်းဆိုထားမှုကို မလိုက်လျောနိုင်သည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ရန် အခက်ကြုံနေရကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် ဆီဗီလာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်၌ ဒင်းနစ်ဆွာရက်ဇ်ကို ဘာစီလိုနာထံမှနေ၍ အငှားခေါ်ယူကာ အသုံးပြုခဲ့ဖူးပြီး လက်ရှိတွင် ဒင်းနစ်ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ၏လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ခက်ခဲနေခြင်းကြောင့် အသင်းပြောင်းရန် ဆန္ဒရှိနေပြီဖြစ်သည်။

အာဆင်နယ်သည် ပထမအဆင့်အဖြစ် ဒင်းနစ်ဆွာရက်ဇ်ကို ခြောက်လသက်တမ်း အငှားစာချုပ်ချုပ်ဆိုကာ ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာလျှင် ဘာစီလိုနာဘက်က သတ်မှတ်ထားသော ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၅ သန်းကိုပေးချေ၍ အပြီးသတ်ခေါ်ယူလိုလျက်ရှိပြီး ဘာစီလိုနာဘက်ကမူ အငှားသက်တမ်းခြောက်လအတွက် ပေါင် ၁၀ သန်း၊ အပြီးသတ်ဝယ်ယူချိန်တွင် ပေါင် ၁၅ သန်း စသဖြင့် နှစ်ရစ်ခွဲပေးမှသာ ဒင်းနစ်ဆွာရက်ဇ်ကို လက်လွှတ်ပေးမည်ဟု အာဆင်နယ်ထံသို့ ပြန်လည်အကြောင်းကြားထားသည်။

အာဆင်နယ်သည် လက်ရှိတွင် အသင်းခံစစ်ကိုအားဖြည့်ရန်အတွက်လည်း ကစားသမားရှာဖွေနေပြီး တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသော အက်သလက်တီကိုနောက်ခံလူဟောင်း ကာရတ်စ်ကိုမှာ အာဆင်နယ်၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်လျက်ရှိသည်။