News

POST TYPE

SPORTS

မော်ရင်ညိုအလိုရှိသော ကူလီဘာလေကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် တရားဝင်ဆက်သွယ်ကမ်းလှမ်း
10-Jan-2019


မက်ဒရစ်၊ ဇန်နဝါရီ ၁၀

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် မော်ရင်ညိုအလိုရှိသော နာပိုလီဗဟိုခံစစ်မှူး ကူလီဘာလေကို ၀ယ်ယူရန်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ဆက်သွယ်ကမ်းလှမ်းထားပြီဖြစ်ကာ ယင်းအတွက် ရီးရဲလ်မက်ဒရစ်နည်းပြသစ် မော်ရင်ညိုဖြစ်လာမည့်သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် ကူလီဘာလေကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကာ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပါက ယင်းမှာ နောက်ခံကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေရမှု ဖြစ်လာတော့မည်ဖြစ်သည်။

ကူလီဘာလေသည် အင်တာမီလန်က နာပိုလီကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အီတလီစီးရီးအေပွဲစဉ်တွင် ၎င်းကို အင်တာမီလန်အသင်းအားပေးသူများက လူမျိုးရေးခွဲခြားစော်ကားခဲ့သည့်အတွက် အသင်းပြောင်းရန် စိတ်ကူးရှိနေပြီဖြစ်ပြီး ယင်းအချက်ကို အသုံးချ၍ ရီးရဲလ်မက်ဒရစ်က ကူလီဘာလေကို ခေါ်ယူရန် ချိတ်ဆက်လာခဲ့ခြင်းဖြစ်သည်။

နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တီးစ်သည် မန်ယူက ကူလီဘာလေကိုခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်ခဲ့ချိန်တွင် ပြောင်းရွှေ့ကြေးပမာဏကို ပေါင် ၁၁၅ သန်း တောင်းဆိုခဲ့ပြီး လက်ရှိတွင် မန်ယူယာယီနည်းပြ ဆိုးလ်ရှားက ၎င်း၏လက်ထက်တွင် ကစားသမားတစ်ဦးခေါ်ယူရန်အတွက် ပေါင်သန်းရာချီ အသုံးပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်၍ ကူလီဘာလေမှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိရန် အခွင့်အလမ်း လွန်စွာနည်းပါးသွားခဲ့ပြီဖြစ်သည်။