News

POST TYPE

SPORTS

မန်ယူနှင့် လျော်ကြေးကိစ္စ ပြေလည်သွားခဲ့ပြီဖြစ်၍ မော်ရင်ညို လုပ်ငန်းခွင် ချက်ချင်း ပြန်ဝင်နိုင်ပြီဖြစ်
10-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၁၀

နည်းပြ မော်ရင်ညိုသည် မန်ယူအသင်းနှင့်လျော်ကြေးညှိနှိုင်းမှု ပြေလည်သွားခဲ့ပြီဖြစ်၍ လက်ရှိဇန်နဝါရီလအတွင်း၌ လုပ်ငန်းခွင် ချက်ချင်းပြန်ဝင်ခွင့်ရှိသွားခဲ့ပြီဖြစ်ကာ ၎င်းကိုခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်က တရားဝင်ချိတ်ဆက်မှုများရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူသည် မော်ရင်ညိုကို လက်ကျန်စာချုပ်သက်တမ်းအတွက် လျော်ကြေးငွေပမာဏ ပေါင် ၂၂ သန်းအထိ ပေးချေရမည်ဖြစ်သော်လည်း မော်ရင်ညိုမှာ လုပ်ငန်းခွင်သို့ အလွယ်တကူ ပြန်ဝင်နိုင်စေရန် ညှိနှိုင်း၍ လျော်ကြေးငွေကိုလျှော့ကာ ပေါင် ၁၅ သန်းသာ ရယူသွားခဲ့ခြင်းဖြစ်သည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ယခုသီတင်းပတ်အတွင်း ဘက်တစ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် အသင်းရလဒ်များ ဆက်လက်ဆိုးရွားခဲ့မည်ဆိုပါက နည်းပြဆိုလာရီကို ရာထူးထုတ်ပယ်ကာ မော်ရင်ညိုကို အစားထိုးခန့်အပ်ရန် စီစဉ်နေပြီဖြစ်ပြီး ဥက္ကဋ္ဌ ပီရက်ဇ်မှာ အသင်းအနေနှင့် လာမည့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ဆုံးရှုံးမည်ကို လွန်စွာ စိုးရိမ်ပူပန်နေပြီဖြစ်သည်။

ဥက္ကဋ္ဌ ပီရက်ဇ်သည် မော်ရင်ညိုကို တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၁၈ သန်းပေးရန် စီစဉ်ထားပြီး မော်ရင်ညိုကမူ ရီးရဲလ်မက်ဒရစ်မှာ လက်ရှိဘောလုံးရာသီတွင် ခံစစ်ကြောင်းအားနည်းလွန်းနေသည့်အတွက် ၎င်းအလိုရှိသည့်အင်အားဖြည့်တင်းမှုမျိုးကို ဆောင်ရွက်ပေးမည်ဆိုမှသာ အလုပ်ကို ချက်ချင်းလက်ခံမည်ဟု အကြောင်းပြန်ကြားထားသည်။

မန်ယူသည် မော်ရင်ညိုကို လက်ကျန်စာချုပ်သက်တမ်းအတွက် လျော်ကြေးငွေ အပြည့်အ၀ယူမည်ဆိုပါက လာမည့်ဇူလိုင်လ ၁ ရက်နေ့သို့ရောက်ရှိမှသာလျှင် လုပ်ငန်းခွင်ပြန်ဝင်ရမည်ဟု ကန့်သတ်ထားခဲ့ခြင်းဖြစ်ပြီး လျော်ကြေးကိစ္စ ဆွေးနွေးညှိနှိုင်းရာတွင် နှစ်ဦးနှစ်ဖက်လုံးအတွက် အပြုသဘောဆောင်သော ရလဒ်တစ်ခု ထွက်ပေါ်လာခြင်းကြောင့် လွန်စွာကျေနပ်မိသည်ဟု မော်ရင်ညို၏အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ကလည်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။