News

POST TYPE

SPORTS

ဟော့ဖ်မန်းဖလားပြိုင်ပွဲတွင် ဆွစ်ဇာလန်အသင်း ဗိုလ်စွဲ
06-Jan-2019


လော်ဆိန်း၊ ဇန်နဝါရီ ၆

အပြည်ပြည်ဆိုင်ရာ နိုင်ငံအလိုက် တင်းနစ်ပြိုင်ပွဲဖြစ်သော ဟော့ဖ်မန်းဖလားပြိုင်ပွဲတွင် ဆွစ်ဇာလန်အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ဆွစ်ဇာလန်သည် နောက်ဆုံးဗိုလ်လုပွဲတွင် ဂျာမနီအသင်းကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံကို ကိုယ်စားပြုကစားပေးသွားခဲ့သော တင်းနစ်ကစားသမားများမှာ ဖက်ဒါရာနှင့် ဘင်ဆစ်တို့ ဖြစ်ကြသည်။

ဆွစ်ဇာလန်သည် ဂျာမနီကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ယူကာ ဟော့ဖ်မန်းဖလားကို ၂ နှစ်ဆက် ဆွတ်ခူးသွားခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်ဆွတ်ခူးရရှိသော ဟော့ဖ်မန်းဖလားမှာ ဆွစ်ဇာလန်အတွက် လေးကြိမ်မြောက်လည်းဖြစ်သည်။

ဆွစ်ဇာလန်နှင့် ဂျာမနီတို့ ယှဉ်ပြိုင်ခဲ့သော ဗိုလ်လုပွဲ၌ ပထမဆုံးကစားခဲ့သည့် အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ဖက်ဒါရာက ဂျာမနီကိုယ်စားပြု ဇဗာဗက်ကို ၆-၄၊ ၆-၂ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ကစားသွားခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ဂျာမနီကိုယ်စားပြု ခါဘာက ဘင်ဆစ်ကို ၆-၄၊ ၇-၆(၈-၆)ဖြင့် အနိုင်ယူသွားခြင်းကြောင့် အမျိုးသား-အမျိုးသမီး နှစ်ယောက်တွဲပွဲမှာ အဆုံးအဖြတ်ဖြစ်သွားရခြင်းဖြစ်သည်။

အမျိုးသား-အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်တွင် ဖက်ဒါရာနှင့် ဘင်ဆစ်အတွဲက ဇဗာဗက်နှင့် ခါဘာအတွဲကို ၄-၀၊ ၁-၄၊ ၄-၃(၅-၄)ဖြင့် အနိုင်ရရှိသွားခဲ့ကာ ဖက်ဒါရာမှာ ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဟော့ဖ်မန်းဖလားကို သုံးကြိမ်ရရှိသည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။