News

POST TYPE

SPORTS

ကောင်းမွန်စွာကစားနိုင်သည့်ပွဲ၌ပင်လျှင် ကိုယ့်ဂိုးကိုယ်ပြန်သွင်းသည့်အမှားကို ကျူးလွန်သေးကြောင်း မော်ရင်ညို မကျေမချမ်း ပြောကြား
06-Dec-2018


မန်ချက်စတာ၊ ဒီဇင်ဘာ ၆

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ကြသည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်း၏အသင်းမှာ ကောင်းမွန်စွာကစားနိုင်သည့်ပွဲ၌ပင်လျှင် ကိုယ့်ဂိုးပေါက်ကို ကိုယ်တိုင် ဂိုးပြန်သွင်းသည့်အမှားမျိုးကို ကျူးလွန်လိုက်ရမှ နေသာထိုင်သာရှိသွားကြောင်း မှတ်ချက်ပေးဝေဖန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မန်ယူသည် အာဆင်နယ်နှင့်ပွဲစဉ်တွင် သရေရလဒ်သာရရှိလိုက်သည့်အတွက် ပရီးမီးယားလိဂ်တွင် လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသော အခြေအနေဆိုးတစ်ရပ်ကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး အာဆင်နယ်အသင်း ရရှိသွားသောဂိုးများမှာ ဒီဂီယာနှင့် ရိုဂျိုတို့၏အမှားများကြောင့်ဖြစ်သည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

မန်ယူသည် ဆောက်သမ်တန်နှင့် နှစ်ဂိုးစီသရေကျခဲ့ရသော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကို နောက်ကလိုက်၍ ချေပဂိုးများသွင်းခဲ့ရသကဲ့သို့ ယခုပွဲစဉ်တွင်လည်း အာဆင်နယ်၏ဦးဆောင်မှုများကို နောက်ကလိုက်၍ ချေဖျက်ခဲ့ရကာ ၎င်းအနေနှင့် အသင်း၏ပွဲစဉ်များကို ယခုအချိန်တိုင်သည်အထိ သက်သောင့်သက်သာစိတ်ဖြင့် ကြည့်ရသည်ဟူ၍ တစ်ပွဲမျှ မရှိသေးကြောင်းလည်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် မန်ယူနှင့် အာဆင်နယ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သော ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေါ့ဂ်ဘာနှင့် လုကာကုတို့ကို အရန်ကစားသမားအဖြစ်သာ ထားရှိအသုံးပြုသွားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေကြရသော ဟာရီရာ၊ ဘေလ်လီ၊ ဒါမီယန်၊ ရိုဂျိုနှင့် မာတီရယ်လ်တို့ကို ထည့်သွင်းအသုံးပြုခြင်းက အသင်းကစားပုံကို များစွာတိုးတက်စေသည့်အတွက် အဆိုပါကစားသမားများကို စိတ်ဓာတ်ရေးရာမြှင့်တင်မှုများ ဆောင်ရွက်ကာ ပိုမိုနေရာပေးမည်ဆိုပါက မန်ယူ၏ရလဒ်များမှာ ပြန်လည်ကောင်းမွန်သွားနိုင်ဖွယ်ရာရှိသည်ဟု မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်က ထောက်ပြထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဒီနေ့ပွဲမှာ နှစ်ဂိုးစီသရေဖြစ်ရပြန်ပါတယ်။ ကျွန်တော် ဒေါသထွက်မိတာ အမှန်ပါပဲ။ ဂိုးလေးဂိုးလုံးကို ကျွန်တော်တို့ချည်း သွင်းပစ်လိုက်တာပါ။ ကျွန်တော်တို့ဟာ ပွဲတိုင်းမှာ အမှားကျူလွန်ပါတယ်။ အဲ့ဒီအမှားအတွက် ပေးဆပ်လိုက်ရတာချည်းပါပဲ။ ဒီနေ့လို ပွဲမျိုးမှာတောင် အကောင်းဆုံးကစားနိုင်ပါလျက်နဲ့ ကိုယ်ဂိုးပေါက်ဆီ ကိုယ်တိုင် ဂိုးတွေကန်သွင်းပေးပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့အကြီးမားဆုံးပြဿနာက အမှားကင်းကင်းနဲ့ ကစားနိုင်တဲ့ပွဲရယ်လို့ တစ်ပွဲမှ မရှိသေးတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။