News

POST TYPE

SPORTS

ဟာဆင်ဟတ်တယ်လ်ကို အသင်းနည်းပြသစ်အဖြစ် ဆောက်သမ်တန် ခန့်အပ်
06-Dec-2018


လန်ဒန်၊ ဒီဇင်ဘာ ၆

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းသည် သြစတြီးယားနိုင်ငံသားနည်းပြ ဟာဆင်ဟတ်တယ်လ်ကို အသင်းနည်းပြသစ်အဖြစ် တရားဝင်တာဝန်ပေးခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဆောက်သမ်တန်သည် စပါးကို သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည့် ကြားရက်ပရီးမီးယားလိဂ်ပွဲစဉ်ကို ယာယီနည်းပြ ကီဗင်ဒေးဗီးစ်၏ဦးဆောင်မှုဖြင့် ကစားသွားခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် ကာဒစ်ဖ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ နည်းပြသစ် ဟာဆင်ဟတ်တယ်လ်က အသင်းကို စတင်ဦးဆောင်သွားတော့မည်ဖြစ်ကြောင်း ဆောက်သမ်တန်က သတင်းထုတ်ပြန်ထားသည်။

ဆောက်သမ်တန်သည် ဟာဆင်ဟတ်တယ်လ်ကို ၂ နှစ်ခွဲသက်တမ်းစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးထားပြီး ဟာဆင်ဟတ်တယ်လ်မှာ အသင်းအတွက် အကောင်းဆုံးသောရွေးချယ်မှုတစ်ရပ်ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်းလည်း ဆောက်သမ်တန်ဥက္ကဋ္ဌ ရပ်ဖ်ကရူးဂျားက မှတ်ချက်ပေးသွားခဲ့သည်။

ဟာဆင်ဟတ်တယ်လ်သည် ဂျာမန်ဘွန်ဒက်စ်လီဂါတွင် တန်းတက်ကလပ် လိုက်ပ်ဇစ်ဂ်ျကို ထိပ်တန်းအသင်းတစ်သင်းဖြစ်လာစေရန် ပုံဖော်ပေးနိုင်ခဲ့အပြီးတွင် နာမည်ကျော်ကြားလာခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းကို တန်းမဆင်းရစေရန် စွမ်းဆောင်ပေးနိုင်ခဲ့မည်ဆိုပါက ဟာဆင်ဟတ်တယ်လ်ကို အထူးဆုကြေးတစ်ရပ် ပေးအပ်သွားရန်လည်း သဘောတူညီထားကြောင်း ဥက္ကဋ္ဌ ရပ်ဖ်ကရူးဂျားက ဆက်လက်အသိပေးသွားခဲ့သေးသည်။