News

POST TYPE

SPORTS

အသင်းကစားသမားများ ယုံကြည်မှုပျောက်ဆုံးတတ်လာသည်ကို စိုးရိမ်မိကြောင်း ဆာရီ ၀န်ခံ
06-Dec-2018


လန်ဒန်၊ ဒီဇင်ဘာ ၆

ချယ်လ်ဆီးနည်းပြ ဆာရီသည် ဝုလ်ဗာဟမ်တန်က ချယ်လ်ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်းကစားသမားများ စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက် ပျောက်ဆုံးသည့်အခြေအနေများဖြစ်ပေါ်လာသည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် ဝုလ်ဗာဟမ်တန်နှင့်ယှဉ်ပြိုင်ကစားခဲ့သော ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၄၅ မိနစ်တွင် ပွဲချိန်လေးမိနစ်အတွင်း ဝုလ်ဗာဟမ်တန်ကို နှစ်ဂိုးဆက်တိုက် ပေးလိုက်ရကာ အရေးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။

နည်းပြ ဆာရီသည် ဝုလ်ဗာဟမ်တန်နှင့်ပွဲတွင် အသင်းပွဲထွက်လူစာရင်းကို ဖူလ်ဟမ်အား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲစဉ်မှလူစာရင်းကို နေရာငါးခု အပြောင်းအလဲလုပ်၍ ခင်းကျင်းခဲ့ခြင်းဖြစ်ပြီး အသင်းရှုံးနိမ့်ခဲ့ရသည်မှာ ယင်းသို့ ပွဲထွက်လူစာရင်းပြောင်းလဲလိုက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်းလည်း ဆာရီက ကာကွယ်ပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးသည် လက်ရှိတွင် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် နှစ်ပွဲဆက်တိုက် အရှုံးရလဒ်ဖြင့် ကြုံဆုံလိုက်ရပြီဖြစ်ပြီး မန်စီးတီးနှင့်ပွဲစဉ်မတိုင်မီတွင် ယခုအရှုံးရလဒ်က အသင်းသားများအတွက် သတိပေးချက်တစ်ခုသဖွယ်ဖြစ်သွားခဲ့သည်ကမူ အဆိုးထဲကအကောင်းဟု ယူဆရမည်သာဖြစ်ကြောင်း နည်းပြ ဆာရီက ဆက်လက်ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နည်းပြ ဆာရီက “အခုလိုပွဲကျပ်ကာလမှာ ပွဲစဉ်တိုင်းကို လူစာရင်းတစ်ခုတည်းနဲ့ ကစားဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အလှည့်ကျစနစ်နဲ့ပဲ သွားရပါလိမ့်မယ်။ ဒါကြောင့်လည်း ဝုလ်ဗာဟမ်တန်နဲ့ပွဲမှာ အသင်းလူစာရင်းကို ငါးနေရာအထိ အပြောင်းအလဲ လုပ်ပစ်လိုက်တာပါ။ တစ်ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ပြီးချိန်မှာ နောက်ထပ်ဂိုးရနိုင်လောက်စရာ အပိုင်အခွင့်အရေး ငါးကြိမ်လောက်ရခဲ့သေးပေမယ့် ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ တစ်ဖက်က ချေပဂိုးသွင်းလိုက်တာနဲ့ ကစားပုံပျက်သွားတာဟာလည်း ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက် လျော့ရဲလာတာက လက်ခံချင်စရာမရှိတဲ့ အခြေအနေတစ်ရပ်ပါပဲ”ဟု အသိပေးသွားခဲ့သည်။