News

POST TYPE

SPORTS

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစ၍ ပရီးမီးယားလိဂ်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာ အသုံးပြုမည်
16-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၁၆

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစ၍ ပရီးမီးယားလိဂ်တွင် VAR(ဗီဒီယိုလက်ထောက်ဒိုင်လူကြီး)နည်းပညာကို အသုံးပြုသွားတော့မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် အစီအစဉ်မူကြမ်းကို အပြည်ပြည်ဆိုင်ရာဘောလုံးအားကစားနည်းဘုတ်အဖွဲ့နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့ထံသို့ ပေးပို့ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်း ၂၀ သည် လွန်ခဲ့သည့်ကြာသပတေးနေ့က ကျင်းပခဲ့သော ရှယ်ယာရှင်များအစည်းအဝေးပွဲတွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်ကျင့်သုံးတော့မည့်အစီအစဉ်ကို ရာနှုန်းပြည့်ထောက်ခံမဲပေးအပ်ခဲ့ကာ အပြည်ပြည်ဆိုင်ရာဘောလုံးအားကစားနည်းဘုတ်အဖွဲ့နှင့် ဖီဖာတို့ဘက်က ခွင့်ပြုချက်ပေးအပ်သည်နှင့်တစ်ပြိုင်နက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

စပိန်လာလီဂါနှင့် အီတလီစီးရီးအေပြိုင်ပွဲတို့တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာမှာ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီကမူ အကြောင်းအမျိုးမျိုးပြ၍ အချိန်ရွှေ့ဆိုင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲဝင်ကလပ်အသင်းများဘက်က အတင်းအကျပ် တောင်းဆိုမှုများရှိလာခြင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူများက လိုက်လျောသဘောတူလိုက်ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများသည် ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အမှားများကြောင့် ၎င်းတို့အနေနှင့် နစ်နာမှုများကြုံနေရသည့်အတွက် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာကို လိုလားနေခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာ ပင်နယ်တီဖြစ်စဉ်၊ ဂိုးသွင်းယူမှုဖြစ်စဉ်၊ တိုက်ရိုက်အနီကတ်ပြသမှုဖြစ်စဉ်နှင့် အခြားသောဒွိဟဖြစ်ဖွယ်ရာအခြေအနေများကို ယခုနည်းပညာအကူအညီဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးများအစည်းအရုံးကလည်း ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများသည် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာကို အသုံးပြုတော့မည့် ဆုံးဖြတ်ချက်ကို ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြသော်လည်း အဆုံးသတ်ဆုံးဖြတ်ချက်မှာ ကွင်းလယ်ဒိုင်လူကြီးများအပေါ်တွင်သာ မူတည်သည့်အတွက် ဒိုင်လူကြီးများ၏အရည်အသွေးကို မြှင့်တင်ရန်လည်း လိုအပ်ကြောင်း တိုက်တွန်းသွားခဲ့ပြီး လက်ရှိတွင် ခရာဘောင်းဖလားပြိုင်ပွဲနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာကို ထည့်သွင်းအသုံးပြုနေပြီဖြစ်၍ ၎င်းတို့အနေနှင့် လေ့လာသင်ယူမှုများ ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်ဒိုင်လူကြီးများအစည်းအရုံးက ရှင်းပြထားသည်။

ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာသည် ငွေကြေးအကုန်အကျ လွန်စွာများပြားသော အဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပြီး ပြင်သစ်လီဂူးပြိုင်ပွဲကမူ ယခင်က ဗီဒီယိုလက်ထောက်ဒိုင်လူကြီးနည်းပညာကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ယခုနည်းပညာ၌လည်း အမှားအယွင်းနှင့် လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း ထောက်ပြကာ အသုံးပြုနေမှုကို ရုပ်သိမ်းပစ်လိုက်သည်။