News

POST TYPE

SPORTS

ဒဏ်ရာပြဿနာ မဖြစ်ပေါ်ခဲ့က ယူရို ၂၀၀၄ ချန်ပီယံမှာ အင်္ဂလန်ဖြစ်လိမ့်မည်ဟု ရူနီ အသိပေး၊ နှုတ်ဆက်စကားပြောကြားစဉ်တွင် မျက်ရည်ကျ
16-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၁၆

အင်္ဂလန်က အမေရိကန်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ကစားသွားခဲ့သော တိုက်စစ်မှူး ရူနီသည် ယူရို ၂၀၀၄ ပြိုင်ပွဲတွင် ၎င်းသာ ဒဏ်ရာမရရှိခဲ့ပါက ချန်ပီယံဖြစ်မည့်အသင်းမှာ အင်္ဂလန်သာဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။

ရူနီသည် ယူရို ၂၀၀၄ ပြိုင်ပွဲကို ပါဝင်ကစားခဲ့ချိန်တွင် အသက် ၁၈ ရှစ်အရွယ်သာရှိသေးပြီး ယင်းပြိုင်ပွဲတွင် ဆွစ်ဇာလန်အသင်းဘက်သို့ သွင်းယူနိုင်ခဲ့သောဂိုးကြောင့် ယူရိုပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် နောက်ဆုံးအဆင့်ပွဲစဉ်များ(အုပ်စုအဆင့်မှ ဗိုလ်လုပွဲအဆင့်သို့ ဆိုလိုခြင်းဖြစ်သည်၊ ခြေစစ်ပွဲအဆင့်များ မပါချေ)တွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် ယခုအချိန်ထိတိုင် စံချိန်စိုက်ထူထားနိုင်ဆဲဖြစ်ပြီး အကောင်းဆုံးပုံစံရထားချိန်တွင် ဒဏ်ရာရသွားသည်မှာ လွန်စွာစိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ရကြောင်း ရူနီက အသိပေးသွားခဲ့သည်။

ရူနီသည် ယင်းယူရို ၂၀၀၄ ပြိုင်ပွဲ၌ ဒဏ်ရာမရရှိမီတွင် အင်္ဂလန်အတွက် သွင်းဂိုးလေးဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး ၎င်း၏ဒဏ်ရာပြဿနာမှာ အင်္ဂလန်၏မျှော်လင့်ချက်များအားလုံးကို ပျက်စီးသွားစေခဲ့ခြင်းကြောင့် လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရသည်ဟုလည်း ရူနီက ရှင်းပြသွားခဲ့သည်။

အင်္ဂလန်သည် ယူရို ၂၀၀၄ ပြိုင်ပွဲတွင် အိမ်ရှင်ပေါ်တူဂီကို ကွာတားဖိုင်နယ်အဆင့်၌ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ရူနီမှာ ပထမပိုင်းပွဲကစားချိန် ၂၇ မိနစ်၌ ခြေဖဝါးရိုးကျိုးဒဏ်ရာရရှိကာ ပြိုင်ပွဲဆက်လက်မကစားနိုင်ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။

အင်္ဂလန်သည် ယင်းကွာတားဖိုင်နယ်ပွဲစဉ်၌ ရူနီ ဒဏ်ရာမရရှိမီတွင် ပေါ်တူဂီကို တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခွင့်ရရှိခဲ့သည့်အချိန်တိုင်းတွင် ၎င်းအနေနှင့် အတိုင်းအဆမဲ့ ဂုဏ်ယူကျေနပ်မှုကို ရရှိခံစားခဲ့ရကြောင်းလည်း ရူနီက အသိပေးသွားခဲ့သည်။

ရူနီသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲစဉ်ပေါင်း ၁၂၀ ကစားပေးခွင့်ရခဲ့ကာ သွင်းဂိုးပေါင်း ၅၃ ဂိုး ရယူ၍ အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိခဲ့သူအဖြစ်လည်း မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့သည်။

ရူနီသည် အင်္ဂလန်က အမေရိကန်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော နှုတ်ဆက်ပွဲစဉ်တွင် ပရိသတ်များနှင့် အသင်းဖော်များကို အမှတ်တရစကားများ ပြောကြားချိန်၌ မျက်ရည်များကျဆင်းနေခဲ့ပြီး လွန်စွာတန်ဖိုးထား မြတ်နိုးသော ကစားသမားဘ၀ကို အသက်အရွယ်အရ ကျောခိုင်းနှုတ်ဆက်ရရန် နီးကပ်လာပြီဖြစ်၍ တုန်လှုပ်နေမိကြောင်းလည်း ရူနီက ဖွင့်ဟ၀န်ခံသွားခဲ့သည်။