News

POST TYPE

SPORTS

တန်းမဆင်းခဲ့ရပါက ရာနီရေးရီ အပိုဆုကြေး ပေါင်တစ်သန်း ရရှိမည်၊ အာစင်ဝင်းဂါးကို ပထမဦးစားပေးအဖြစ် ဖူလ်ဟမ် ကမ်းလှမ်းခဲ့
15-Nov-2018


လန်ဒန်၊ နိုဝင်ဘာ ၁၅

ဖူလ်ဟမ်အသင်းပိုင်ရှင် ရှာဟစ်ဒ်ခန်းသည် အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးလိုက်သော ရာနီရေးရီကို လက်ရှိဘောလုံးရာသီတွင် ဖူလ်ဟမ်ကို တန်းမဆင်းရစေရန် စွမ်းဆောင်ပေးနိုင်ခဲ့မည်ဆိုပါက အပိုဆုကြေးအကျိုးခံစားခွင့်အဖြစ် ပေါင်တစ်သန်းပေးအပ်သွားမည်ဟု ကတိပြုထားကြောင်း The Sun က ဖော်ပြထားသည်။

ဖူလ်ဟမ်သည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် အမှတ်ပေးဇယားအောက်ခြေသို့ရောက်နေသည့်အတွက် အသင်းပိုင်ရှင် ရှာဟစ်ဒ်ခန်းက နည်းပြအပြောင်းအလဲ လုပ်လိုက်ခြင်းဖြစ်ပြီး ရာနီရေးရီမှာ အသင်းကို လက်ရှိအခြေအနေဆိုးမှနေ၍ ကယ်တင်ပေးနိုင်စွမ်းရှိလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း ရှာဟစ်ဒ်ခန်းက ပြောကြားသွားခဲ့သည်။

ရှာဟစ်ဒ်ခန်းသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ပေါင်သန်း ၁၀၀ ကျော်အသုံးပြု၍ အသင်းအတွက် ကစားသမားသစ်များခေါ်ယူစုစည်းပေးခဲ့ကာ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင်မူ ၎င်းအလိုရှိသော ကစားသမားများအနက်မှနေ၍ နှစ်ဦးခန့်ကို အသင်းကစားကွက် အထိုင်ချနိုင်ရန်အတွက် ခေါ်ယူပေးပါရန် ရှာဟစ်ဒ်ခန်းကို တောင်းဆိုထားကြောင်း ရာနီရေးရီက အသိပေးထားသည်။

ရှာဟစ်ဒ်ခန်းသည် ဖူလ်ဟမ်နည်းပြရာထူးအတွက် နည်းပြသစ်ရှာဖွေရာတွင် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို ပထမဦးစားပေးပစ်မှတ်အဖြစ် ထားရှိဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး အာစင်ဝင်းဂါးက ကမ်းလှမ်းမှုများကို ငြင်းပယ်လိုက်ချိန်တွင် ၎င်းက ၀က်ဖို့ဒ်နည်းပြဟောင်း ဆန်းချက်ဇ် ဖလိုလိုရက်စ်နှင့် ဆွမ်ဆီးနည်းပြဟောင်း ကာဗာဟောလ်တို့ဘက်သို့ ထပ်မံဦးလှည့်ခဲ့သေးသည်။

အာစင်ဝင်းဂါးသည် လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းခွင်ပြန်ဝင်ရန် ရည်ရွယ်ချက်ထားရှိနေပြီး ၎င်းကို ကမ္ဘာ့ထိပ်တန်းလုပ်ခလစာတစ်ရပ် ပေးချေခေါ်ယူရန် တရုတ်စူပါလိဂ်ကလပ်အသင်းများက ဆက်သွယ်မှုများရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။