News

POST TYPE

SPORTS

မန်ယူကို သုံးဂိုးပြတ် သို့မဟုတ် လေးဂိုးပြတ်ဖြင့် လွယ်လင့်တကူ အနိုင်ရခဲ့သင့်သည်ဟု စီရော်နယ်ဒို ပြောကြား
08-Nov-2018


တူရင်၊ နိုဝင်ဘာ ၈

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မန်ယူက ဂျူဗင်တပ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်ရလဒ်မှာ လွန်စွာစိတ်ပျက်ဖွယ်ရာကောင်းလှသည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ဂျူဗင်တပ်မှာ ယခုပွဲစဉ်တွင် မန်ယူကို သုံးဂိုးပြတ် သို့မဟုတ် လေးဂိုးပြတ်ဖြင့် လွယ်လင့်တကူ အနိုင်ရခဲ့သင့်သည်ဟုလည်း စီရော်နယ်ဒိုက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲစဉ်တွင် သပ်ရပ်လှပသော မြေမကျဘောကန်ချက်ဖြင့် ၎င်း၏အသင်းဟောင်း မန်ယူဘက်သို့ ဂိုးသွင်းယူကာ ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပြီး ပွဲကစားချိန်နောက်ဆုံးမိနစ်အပိုင်းအခြားတွင် မန်ယူ၏တန်ပြန်တိုက်စစ်များကို မထိန်းနိုင်ခဲ့ဘဲ ချေပဂိုးနှင့် အနိုင်ဂိုးများကို ပေးလိုက်ရသည်မှာ လက်သင့်မခံနိုင်ဖွယ်အခြေအနေပင်ဖြစ်ကြောင်း စီရော်နယ်ဒိုက ရှင်းပြသွားခဲ့သည်။

စီရော်နယ်ဒိုသည် ၎င်း၏အသင်းဟောင်း မန်ယူမှာ သရေတစ်မှတ်ကို ဦးတည်ကစားနေသည့်အခြေအနေမှနေ၍ ကံကြမ္မာ၏ဖေးကူမှုကြောင့် အနိုင်သုံးမှတ်ကို ရသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့ပြီး ခြေစွမ်းနှင့် အခွင့်အရေးဖန်တီးနိုင်မှုတွင် မည်သည့်အသင်းက ပိုမိုသာလွန်ခဲ့သည်ဆိုခြင်းကို လွယ်လင့်တကူဖြင့်ပင် အကဲဖြတ်နိုင်လိမ့်မည်ဖြစ်ကြောင်း စီရော်နယ်ဒိုက မှတ်ချက်ပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် စီရော်နယ်ဒိုက “ကျွန်တော်တို့သာ အဆုံးသတ်သေချာခဲ့မယ်ဆိုရင် မန်ယူကို သုံးဂိုးပြတ် ဒါမှမဟုတ် လေးဂိုးပြတ်နဲ့ လွယ်လင့်တကူ အနိုင်ရခဲ့မယ်အခြေအနေပါ။ အရမ်းကို စိတ်ပျက်ဖို့ကောင်းလွန်းခဲ့ပါတယ်။ ဒီဂီယာဟာ ပထမအကျော့တုန်းကလိုပဲ ကျွန်တော်တို့ ဂိုးရနိုင်လောက်စရာ အခွင့်အရေးတွေကို လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ မန်ယူဟာ သာလွန်တဲ့ခြေစွမ်းနဲ့ နိုင်ပွဲရသွားခဲ့တာ မဟုတ်ပါဘူး။ ပွဲအစကနေ အဆုံးအထိ ကျွန်တော်တို့ကသာ ပွဲကို စိုးမိုးထားခဲ့တာပါ။ ကံကြမ္မာကနေ ဖေးကူလိုက်လို့ သူတို့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။