News

POST TYPE

SPORTS

ပင်နယ်တီဖြစ်ရပ်အတွက် ဒိုင်လူကြီးများနှင့် ပရိသတ်များအားလုံးကို စတာလင်း တောင်းပန်စကားဆို
08-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၈

မန်စီးတီးတိုက်စစ်မှူး စတာလင်းသည် မန်စီးတီးက ရှက်တာဒိုးနက်ကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ၎င်းကြောင့် မန်စီးတီးအသင်း ပင်နယ်တီရရှိခဲ့သောဖြစ်ရပ်အတွက် ဒိုင်လူကြီးများ အပါအ၀င် ဘောလုံးပရိသတ်များကို ၀န်ချတောင်းပန်စကားပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

စတာလင်းသည် ယင်းပင်နယ်တီဖြစ်စဉ်၌ ရှက်တာဒိုးနက်ကစားသမားနှင့် ထိခိုက်မိခြင်းမရှိဘဲ အရှိန်လွန်ကာ လဲကျသွားခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး ဗစ်ခ်တာကတ်စ်ဆိုင်းက ယင်းအခြေအနေကို ပင်နယ်တီသတ်မှတ်ပေးလိုက်သည့်အတွက် မန်စီးတီးမှာ သံသယအကျိုးကို ခံစားခွင့်ရသွားခဲ့သည်။

စတာလင်းသည် ၎င်းအနေနှင့် ယင်းဖြစ်စဉ်၌ ဒိုင်လူကြီးထံသို့သွားရောက်၍ အမှန်တရားကို ၀န်မခံခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ပွဲအပြီးတွင် သတင်းမီဒီယာများကို အသိပေးသွားခဲ့ပြီး ၎င်းက ဖြစ်စဉ်အတွက် မည်သည့်စကားမျှ မပြောကြားရသေးမီတွင် ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးပြီးဖြစ်သည့် အခြေအနေအရပ်ရပ်ဖြစ်ပျက်သွားမှုမှာလည်း လွန်စွာမြန်ဆန်လွန်းလှသည်ဟု စတာလင်းက မှတ်ချက်ပေးသွားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ယင်းဖြစ်စဉ်မှာ စတာလင်း၏အမှားမဟုတ်ကြောင်း ၎င်း၏ကစားသမားဖြစ်သူဘက်က ကာကွယ်ပြောကြားသွားခဲ့ပြီး ယခုကဲ့သို့သောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သည်မှာ နည်းပညာအကူအညီ ရယူရေးပင်ဖြစ်သည်ဟု ဂွါဒီယိုလာက အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ဒီပင်နယ်တီအတွက် စတာလင်းကို အပြစ်တင်မယ်ဆိုရင် ဒါဟာ စာနာမှုကင်းမဲ့ရာရောက်ပါလိမ့်မယ်။ ဒိုင်လူကြီးကလည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတာမျိုးမဟုတ်ဘဲ ယူဆချက်တစ်ရပ်နဲ့ ဆုံးဖြတ်လိုက်ရတာပါ။ ဒီလိုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လိုအပ်တာက နည်းပညာအကူအညီပါပဲ။ သုံးသင့်သုံးထိုက်တဲ့ နည်းပညာတွေရဲ့အကူအညီကို ကျွန်တော်တို့ ရယူသင့်ချိန်တန်ပြီလို့ ယူဆမိပါတယ်”ဟု ပြောကြားသွားခဲ့သည်။