News

POST TYPE

SPORTS

ဂျူဗင်တပ်ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဆန်းချက်ဇ် ဒဏ်ရာရရှိ၊ မာတီရယ်လ်ကို လုပ်ခလစာ ၄၅ သန်းပေးမည့် ငါးနှစ်သက်တမ်းစာချုပ် ကမ်းလှမ်း
08-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၈

မန်ယူတိုက်စစ်တောင်ပံကစားသမား ဆန်းချက်ဇ်သည် မန်ယူက ဂျူဗင်တပ်ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ပေါင်ဒဏ်ရာရသွားခဲ့သည့်အတွက် ဆေးကုသမှုများခံယူနေရကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဂျူဗင်တပ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲကစားချိန် ၇၉ မိနစ်၌ ဆန်းချက်ဇ်ကို ဖယ်လိုင်နီနှင့် လူစားလဲလှယ်ခဲ့ပြီး လူစားလဲလှယ်လိုက်အပြီးတွင် ဆန်းချက်ဇ်မှာ ပေါင်ကို ရေခဲကပ်၍ နာကျင်မှုများ သက်သာစေရန် ကြိုးပမ်းခဲ့ရသည်။

ဆန်းချက်ဇ်သည် လက်ရှိတွင် မန်ချက်စတာဒါဘီပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝရန်အတွက် ရုန်းကန်ရဖွယ်ရှိနေပြီး အခြားသော အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် လုကာကုမှာလည်း ဒဏ်ရာများ သက်သာပျောက်ကင်း၍ ပွဲပြန်လည်ကစားနိုင်စေရန် ရုန်းကန်နေရဆဲဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မာတီရယ်လ်ကို စာချုပ်သစ်ချုပ်ဆိုပေးပါရန် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ဖိအားပေးတောင်းဆိုလိုက်ပြီးသည့်နောက်၌ မန်ယူအသင်းတာဝန်ရှိသူများက မာတီရယ်လ်ကို စာချုပ်သစ်ချုပ်ရန်အတွက် တစ်ကျော့ပြန်လည် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ မာတီရယ်လ်နှင့် မန်ယူအသင်းအကြားတွင် ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ်ကို သဘောတူညီမှုရနိုင်ရန် လွန်စွာနီးစပ်နေပြီဟု သိရှိကြရသည်။

မန်ယူသည် အစောပိုင်း၌ မာတီရယ်လ်ကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁၆၀,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ရာတွင် အောင်မြင်မှုမရခဲ့ဘဲ ငြင်းဆန်ပယ်ချခြင်းသာ ခံခဲ့ရပြီး ယခုတစ်ကြိမ်တွင်မူ မန်ယူဘက်က မာတီရယ်လ်အတွက် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင် ၁၉၀,၀၀၀ သို့ တိုးမြှင့်ပေးကာ ဆွေးနွေးမှုများကို တစ်ကျော့ပြန်လည် စတင်လိုက်ခြင်းဖြစ်သည်။

မာတီရယ်လ်သည် ယခုကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ငါးနှစ်အတွက် လုပ်ခလစာအကျိုးခံစားခွင့်စုစုပေါင်း ပေါင် ၄၅ သန်း ရရှိနိုင်လိမ့်မည်ဖြစ်ပြီး မော်ရင်ညိုကလည်း မာတီရယ်လ်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ဦး ခေါ်ယူရန် ကုန်ကျမည့်ငွေပမာဏမှာ ပေါင်သန်း ၁၀၀ ရှိလိမ့်မည်ဟု မှတ်ချက်ပေးထားသည်။