News

POST TYPE

SPORTS

ပွဲတစ်ပွဲကို အဆင့်အတန်းရှိရှိဖြင့် နိုင်ရန် လိုသည်ဟု မော်ရင်ညိုကို ပေါလ်စခိုး ဝေဖန်
08-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၈

မန်ယူကွင်းလယ်ကစားသမား ပေါလ်စခိုးသည် နည်းပြ မော်ရင်ညိုကို ပွဲတစ်ပွဲအား အဆင့်အတန်းတစ်ခုဖြင့် ဂုဏ်သိက္ခာရှိစွာ အနိုင်ယူတတ်ရန် လေ့လာသင်ယူသင့်သည်ဟု ဝေဖန်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် မန်ယူက ဂျူဗင်တပ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ဂျူဗင်တပ်ပရိသတ်များရှေ့သို့သွား၍ အသံများကို နားစွင့်သည့်ဟန် လုပ်ဆောင်ပြ၍ လှောင်ပြောင်ရန်စခဲ့ကာ မော်ရင်ညိုမှာ အသက်အရွယ်အရ လူကြီးလူကောင်းဆန်သင့်ပြီဟု ၎င်းအနေနှင့် ယူဆမိကြောင်းလည်း ပေါလ်စခိုးက မှတ်ချက်ပေးသွားခဲ့သည်။

မော်ရင်ညိုသည် မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းတွင် ဂျူဗင်တပ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ပထမအကျော့၌လည်း ပွဲအပြီးတွင် ဂျူဗင်တပ်ပရိသတ်များရှိရာသို့ သွားရောက်၍ လက်ချောင်းသုံးချောင်းထောင်ပြကာ  ၎င်းကို လှောင်ပြောင်သည့်အတွက် တုံ့ပြန်ခဲ့ပြီး ယင်းလက်သုံးချောင်းမှာ အင်တာမီလန်ကို ဘောလုံးရာသီတစ်ရာသီအတွင်း ၎င်းက ဖလားသုံးလုံးချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သည်ကို မော်ရင်ညိုက ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုသည် ဂျူဗင်တပ်ပရိသတ်များရှေ့သို့သွား၍ ၎င်းတို့၏အသံများကို နားစွင့်သည့်ဟန် လုပ်ဆောင်ပြခဲ့သည့်အတွက် ဂျူဗင်တပ်ကစားသမားများဖြစ်ကြသော ဒိုင်ဘာလာ၊ ဘိုနုချီတို့နှင့် စကားအချေအတင်ဖြစ်ခဲ့သေးကာ ပေါလ်စခိုးကမူ နည်းပြတစ်ဦးမှာ မိမိအသင်း နိုင်ပွဲရရှိချိန်တွင် အပြုအမူအမူပိုင်းဆိုင်ရာကို ပိုမိုထိန်းသိမ်းဆင်ခြင်ရလေ့ရှိကြောင်း မှတ်ချက်ပေးသွားခဲ့သည်။

မော်ရင်ညိုသည် ဂျူဗင်တပ်နှင့် မန်ယူတို့၏ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဒုတိယအကျော့အတွက် ပွဲမစတင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနား၌ သတင်းမီဒီယာများကို ၎င်းအနေနှင့် ပထမအကျော့ကကဲ့သို့ ဂျူဗင်တပ်ပရိသတ်များနှင့် အချေအတင် မဖြစ်ရန် ရှောင်ရှားသွားမည်ဟု အသိပေးခဲ့ပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်မူ ၎င်းအနေနှင့် ပွဲကစားချိန်တစ်လျှောက်လုံး၌ ဂျူဗင်တပ်ပရိသတ်များ၏လှောင်ပြောင်စော်ကားခြင်းကို သည်းခံနေခဲ့ရသည့်အတွက် အသင်းအနိုင်ရချိန်တွင် စိတ်လိုက်မာန်ပါတုံ့ပြန်လိုက်မိခြင်းဖြစ်သည်ဟု မော်ရင်ညိုက ပြန်လည်ရှင်းပြသွားခဲ့သည်။