News

POST TYPE

SPORTS

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၈ ရက်ဖြင့် အပြီးကျင်းပမည်၊ ၄၈ သင်းစနစ်ဖြစ်ခဲ့ပါက တစ်ရက်လျှင် ပွဲစဉ်ခြောက်ပွဲနှုန်း ရှိမည်ဖြစ်
08-Nov-2018


ဇူးရစ်ခ်ျ၊ နိုဝင်ဘာ ၈

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကာတာနိုင်ငံတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲကာလ ၂၈ ရက်ဖြင့် အပြီးသတ်ကျင်းပရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ပြိုင်ပွဲကို ၄၈ သင်းစနစ်ဖြင့် ကျင်းပဖြစ်ခဲ့မည်ဆိုပါက တစ်ရက်လျှင် ပွဲစဉ်ပေါင်း ခြောက်ပွဲနှုန်းရှိလိမ့်မည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ရှင်းပြထားကြောင်း Daily Star က ဖော်ပြထားသည်။

ကာတာနိုင်ငံတွင်ကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဆောင်းရာသီကာလတွင်ကျင်းပမည့် ပထမဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဖီဖာက အသိပေးထားသည်။

ဖီဖာသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းအရေအတွက် ၄၈ သင်းစနစ်ဖြင့် တိုးချဲ့ကျင်းပဖြစ်ခဲ့မည်ဆိုပါက ပြိုင်ပွဲ၏ပွဲစဉ်အရေအတွက်စုစုပေါင်းမှာ ပွဲ ၈၀ ရှိလာလိမ့်မည်ဖြစ်ပြီး အကယ်၍ ယင်းစနစ်သစ်ဖြင့် ပြိုင်ပွဲကို ကျင်းပဖြစ်ခဲ့လျှင် ကာတာမှာ အိမ်နီးချင်းနိုင်ငံအချို့၏အကူအညီကို မလွဲမသွေ ရယူရနိုင်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားသွားခဲ့သည်။

ဖီဖာသည် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်မည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းစနစ်ဖြင့် ကျင်းပရန် ဆုံးဖြတ်ထားပြီးဖြစ်ကာ လက်ရှိတွင် ကာတာဘောလုံးအဖွဲ့ချုပ်က ယင်းစနစ်သစ်ကို ၎င်းတို့၏နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက အစပြုစေလိုကြောင်း တင်ပြလာသည့်အတွက် ဖီဖာတာဝန်ရှိသူများက ခွင့်ပြုသင့်၊ မသင့် ဆွေးနွေးနေကြရပြီဖြစ်သည်။

ဖီဖာသည် စနစ်သစ်ကို အသက်သွင်းမည်ဆိုပါက ခြေစစ်ပွဲကစားသည့်ပုံစံကိုလည်း အပြောင်းအလဲလုပ်ရမည်ဖြစ်ပြီး ကာတာအစိုးရကမူ ၄၈ သင်းစနစ်အတွက် ဘောလုံးကွင်းများလိုအပ်မည်ဆိုပါက ငွေကြေးစိုက်ထုတ်၍ ထပ်မံဆောက်လုပ်သွားမည်ဟု အသိပေးထားသည်။