News

POST TYPE

SPORTS

မန်ချက်စတာဒါဘီပွဲစဉ်ကို အန်တိုနီတေလာ တာဝန်ယူမည်၊ လုကာကု ကစားနိုင်ရန် မသေချာ
07-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၇

လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်ကို မန်ချက်စတာမြို့ဖွား ဒိုင်လူကြီးတစ်ဦးဖြစ်သော အန်တိုနီတေလာက တာဝန်ယူ ပွဲကြီးကြပ်လိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဒိုင်လူကြီး အန်တိုနီတေလာသည် မန်ချက်စတာမြို့ တောင်ဘက်အရပ်ရှိ ဝိုင်သင်ရှာဝီအရပ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၎င်းမှာ အမှတ်ပေးလိဂ်လက်အောက်ခံ ကလပ်အသင်းမဟုတ်သော အယ်လ်ထရင်ချန်ကို အားပေးသူဖြစ်သည်။

ဒိုင်လူကြီး အန်တိုနီတေလာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးဘ၀ ဖြတ်သန်းမှုတစ်လျှောက်တွင် မန်ချက်ဒါဘီကို ပထမဆုံးအကြိမ်အဖြစ် ပွဲကြီးကြပ်ခွင့်ရခြင်းဖြစ်ပြီး မန်စီးတီးပရိသတ်များကမူ ယခုပွဲစဉ်အတွက် အန်တိုနီတေလာကို ကွင်းလယ်ဒိုင်အဖြစ် ခန့်အပ်ခြင်းအား ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

အန်တိုနီတေလာ၏ဇာတိဖြစ်သော ဝိုင်သင်ရှာဝီအရပ်သည် မန်ယူအသင်းအခြေစိုက်ရာ အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းနှင့် ခြောက်မိုင်မျှသာ ကွာဝေးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီမှာ မန်ယူမိသားစုဝင်တစ်ဦးကို ပွဲကြီးကြပ်ရန် တာဝန်ပေးအပ်လိုက်သည်နှင့်အလားသဏ္ဍာန်တူနေကြောင်း မန်စီးတီးပရိသတ်များက ပြစ်တင်ဝေဖန်ထားကြသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဂျူဗင်တပ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် တိုက်စစ်မှူး လုကာကုကို ဒဏ်ရာပြဿနာကြောင့် ဆက်လက်ချန်လှပ်ထားခဲ့ရပြီး လုကာကု၏ကြံ့ခိုင်မှုမှာ မန်စီးတီးနှင့်ပွဲစဉ်အမီ ပြည့်ဝနိုင်မည်၊ မပြည့်ဝနိုင်မည်ကို ၎င်းအနေနှင့် တပ်အပ်သေချာ မပြောနိုင်သေးကြောင်းလည်း မော်ရင်ညိုက မှတ်ချက်ပေးထားသည်။