News

POST TYPE

SPORTS

လက်ကျန်ဘောလုံးရာသီတစ်ခုလုံး အနားယူရမည့်အခြေအနေကို အမ်တီတီ ရင်ဆိုင်ရ
11-Oct-2018

ဘာစီလိုနာ၊ အောက်တိုဘာ ၁၁

ဘာစီလိုနာနောက်ခံကစားသမား အမ်တီတီသည် ၎င်းရရှိထားသော ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရတော့မည်ဖြစ်၍ လက်ကျန်ဘောလုံးရာသီတစ်ခုလုံးကို ပြိုင်ပွဲများ ပါဝင်ကစားနိုင်တော့မည်မဟုတ်ဘဲ အနားယူရမည့်အခြေအနေရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အမ်တီတီသည် လီဂါနက်စ်က ဘာစီလိုနာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် စပိန်လာလီဂါပွဲစဉ်ကတည်းကပင် အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိတော့ဘဲ အနားယူနေခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာနာကျင်မှုများမှာ တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာခြင်းကြောင့် အသင်းဆေးအဖွဲ့တာဝန်ရှိသူများနှင့်တိုင်ပင်ကာ ခွဲစိတ်ကုသရန် စီစဉ်လိုက်ရခြင်းဖြစ်သည်ဟု အမ်တီတီက ရှင်းပြသွားခဲ့သည်။

ဘာစီလိုနာသည် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ကစားပြီးရာ၌ ပေးဂိုး ၁၂ ဂိုးအထိ ရှိထားပြီဖြစ်ပြီး ယင်းအချိန်တွင် အမ်တီတီကို ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ လက်လွှတ်ရတော့မည့်အခြေအနေတစ်ရပ် အချိန်ကိုက်ဖြစ်ပေါ်လာသည်မှာ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီအတွက် ထိုးနှက်ချက်တစ်ရပ်သဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

ဘာစီလိုနာသည် လာလီဂါအမှတ်ပေးလိဂ်ပွဲစဉ် ရှစ်ပွဲ ယှဉ်ပြိုင်ပြီးရာတွင် ပေးဂိုးကိုးဂိုးအထိ ရှိထားပြီး အမှတ်ပေးဇယား၏ထိပ်ဆုံးရှစ်နေရာတွင် လက်ရှိရပ်တည်နေသော အသင်းများအားလုံးအနက် ဘာစီလိုနာ၏ခံစစ်မှာ ပေးဂိုးအများဆုံးဖြစ်လျက်ရှိသည်။

ဘာစီလိုနာသည် လက်ရှိတွင် လာလီဂါအမှတ်ပေးပွဲစဉ်လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ကာ အမှတ်ပေးဇယား၏ဦးဆောင်သူနေရာမှနေ၍ ဒုတိယနေရာသို့ ဆင်းပေးလိုက်ရပြီဖြစ်ပြီး ရှေ့လာမည့်ပွဲစဉ်များတွင် ရလဒ်များ ဆက်လက်ဆိုးရွားခဲ့မည်ဆိုပါက နည်းပြ ဗယ်လ်ဗာဒီ၏အနာဂတ်မှာ လှုပ်ခတ်မှုများ ဖြစ်ပေါ်လာရန် သေချာနေပြီလည်းဖြစ်သည်။



  • VIA