News

POST TYPE

SPORTS

လူမျိုးရေးခွဲခြားသော ပရိသတ်များကို အော့ဝစ်ဇ်အကျဉ်းထောင်ဆီသို့ လေ့လာရေးခရီးစေလွှတ်သော အစီအစဉ်ကို ချယ်လ်ဆီး ရပ်ဆိုင်း
11-Oct-2018


လန်ဒန်၊ အောက်တိုဘာ ၁၁

ချယ်လ်ဆီးအသင်းသည် လူမျိုးရေးခွဲခြားစော်ကားသည့် အသင်းအားပေးသူပရိသတ်များကို နာမည်ကျော် အော့ဝစ်ဇ်အကျဉ်းထောင်ကြီးဆီသို့ ပညာပေးလေ့လာရေးခရီးစေလွှတ်သည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် လူမျိုးရေးခွဲခြားစော်ကားသောပရိသတ်များကို အရေးယူရန်အတွက် အစီအစဉ်သစ်တစ်ခု ရေးဆွဲလိုက်ပြီဖြစ်ပြီး ယင်းမှာ ပညာပေးသင်တန်းတက်ရောက်ခြင်းနှင့် တစ်ရာသီစာပွဲကြည့်ခွင့်ရုပ်သိမ်းခြင်းတို့အနက်မှနေ၍ တစ်ခုကို ရွေးချယ်စေခြင်းဖြစ်ကြောင်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးမှ ရှင်းပြသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အတိတ်ကာလ၌ လူမျိုးရေးခွဲခြားသည့်ပရိသတ်များကို အသင်းပိုင်ဘောလုံးကွင်းသို့လာရောက်၍ ပွဲတက်ရောက်ကြည့်ရှုအားပေးခွင့် သုံးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်အရေးယူခဲ့ဖူးပြီး အမှားကျူးလွန်သည့်သူကို အမှားပြင်ဆင်ခွင့်ပေးသင့်သည်ဟု ယူဆမိသည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခွင့်ပါရှိသည့် ပြစ်ဒဏ်တစ်ရပ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု ချယ်လ်ဆီးဥက္ကဋ္ဌ ဘရုစ်ဘတ်ခ်က အသိပေးသွားခဲ့သည်။

လူမျိုးရေးခွဲခြားစော်ကားသည့်ပြစ်မှုကျူးလွန်မိသော ချယ်လ်ဆီးပရိသတ်များသည် အော့ဝစ်ဇ်အကျဉ်းထောင်သို့ သွားရောက်ရာ၌ နာဇီများ၏လူမျိုးသုဉ်းသတ်ဖြတ်မှုမှနေ၍ အသက်ရှင်သန်ကျန်ရစ်ခွင့်ရသူများနှင့်တွေ့ဆုံကာ ၎င်းတို့၏ပညာပေးပို့ချချက်များကို နားယူကြရပြီး ယခုပညာပေးအစီအစဉ်မှာလည်း အော့ဝစ်ဇ်သို့ မသွားရသည်ကလွဲ၍ ပုံစံတူပင်ဖြစ်သည်ဟု ချယ်လ်ဆီးက သတင်းထုတ်ပြန်ထားသည်။