News

POST TYPE

SPORTS

ပေါ့ဂ်ဘာ၏ခြေစွမ်းကို အကဲခတ်ရန်အတွက် မန်ယူ၏ပွဲစဉ်အားလုံးထံသို့ ကင်းထောက်များ စေလွှတ်ရန် ဘာစီလိုနာ ဆုံးဖြတ်
22-Sep-2018


ဘာစီလိုနာ၊ စက်တင်ဘာ ၂၂

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ၏စွမ်းဆောင်ရည်ကို အကဲခတ်ရန်အတွက် လက်ကျန်ဘောလုံးရာသီအတွင်း မန်ယူအသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်အားလုံးထံသို့ ဘောလုံးကင်းထောက်များ စေလွှတ်သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ဘာစီလိုနာသည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်ကတည်းကပင် ပေါ့ဂ်ဘာကို ၀ယ်ယူရန်အတွက် မန်ယူထံသို့ ဆက်သွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပေါ့ဂ်ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာကလည်း ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ပေါ့ဂ်ဘာမှာ မန်ယူကို စွန့်ခွာ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိသွားနိုင်ကြောင်းကို ထုတ်ဖော်ဝန်ခံထားပြီဖြစ်သည်။

ရိုင်အိုလာသည် ပေါ့ဂ်ဘာမှာ ဂျူဗင်တပ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ကတည်းကပင် မန်ယူနှင့်အတူ အောင်မြင်မှုများ ဆွတ်ခူးရရှိခဲ့သည်ဖြစ်စေ၊ မရရှိခဲ့သည်ဖြစ်စေ အမြင့်ဆုံးအဖြစ် သုံးနှစ်သာ ကစားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အသိပေးထားကာ မန်ယူကို စွန့်ခွာခဲ့ပါက ပေါ့ဂ်ဘာပြောင်းရွှေ့မည်မှာ စပိန်ဖြစ်သည်ဟုလည်း ရိုင်အိုလာက ဖွင့်ဟပြောကြားထားပြီးဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူက ယန်းဘွိုင်းစ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် လူအများ၏ချီးကျူးခြင်းကို ခံရသည်အထိ စွမ်းဆောင်ရည်ကောင်းများကို ထုတ်ဖော်ပြသနိုင်ခဲ့ကာ ယင်းပွဲစဉ်တွင် ၎င်းက အသင်းအတွက် သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူစွမ်းဆောင်ပေးနိုင်ခဲ့သည်။

ဘာစီလိုနာ၏အထွေထွေမန်နေဂျာ ပက်ပ်ဆီဂူရာနှင့် နည်းစနစ်ဒါရိုက်တာ အဘီဒယ်လ်တို့သည်လည်း ပေါ့ဂ်ဘာ၏ခြေစွမ်းကို အဆက်မပြတ် အကဲခတ်မှုများရှိနေပြီး အေးဂျင့်ရိုင်အိုလာကလည်း ပေါ့ဂ်ဘာမှာ စပိန်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့အနက်မှ တစ်သင်းကိုသာ ရွေးချယ်မည်ဟု အသိပေးထားသည်။