News

POST TYPE

SPORTS

ကိုးလ်မန်း၏ဒဏ်ရာ ပြင်းထန်၊ ကစားသမား ၁၂ ဦး မပါဝင်နိုင်မည့်အရေးကို အဲဗာတန် ရင်ဆိုင်နေရ
12-Sep-2018

လီဗာပူး၊ စက်တင်ဘာ ၁၂

အဲဗာတန်ကွင်းလယ်ကစားသမား ကိုးလ်မန်းသည် ဝေလက အိုင်ယာလန်ကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပနိုင်ငံများလိဂ်ပွဲစဉ်တွင် အိုင်ယာလန်အသင်းကို ကိုယ်စားပြု၍ ပါဝင်ကစားပေးခဲ့ရာ၌ ခြေဖဝါးရိုးကျိုးသွားခဲ့ပြီး ဆေးစစ်ချက်အဖြေများအရ ယင်းဒဏ်ရာမှာ ပြင်းထန်လွန်းသည့်အတွက် ကိုးလ်မန်းမှာ ကာလအတန်ကြာ အနားယူရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားသည် လက်ရှိတွင် ဝက်စ်ဟမ်းနှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ကစားသမား ၁၂ ဦးခန့်ကို ဒဏ်ရာပြဿနာကြောင့် အနားပေးထားရမည့်အခြေအနေတွင်ရှိနေပြီး အဲဗာတန်အတွက် ရာသီဖွင့်ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲတွင် လေးပွဲလုံးခြေစွမ်းပြကစားနိုင်ခဲ့သော ကိုးလ်မန်း ထိခိုက်ဒဏ်ရာရသွားသည်မှာ အသင်းအတွက် ကြီးစွာသောထိုးနှက်ချက်ပင်ဖြစ်သည်ဟု မာကိုဆေးလ်ဗားက ညည်းတွားပြောဆိုသွားခဲ့သည်။

အဲဗာတန်သည် နိုင်ငံတကာပွဲစဉ်သီတင်းပတ် မတိုင်မီတွင် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ သရေရလဒ်သာ ရယူနိုင်ခဲ့ခြင်းကြောင့် ယခုသီတင်းပတ်တွင် အိမ်ကွင်း၌ ဝက်စ်ဟမ်းကို အနိုင်ကစားနိုင်ရန် လိုအပ်နေပြီး အသင်းအတွက် ဂိုးများရယူပေးနေသော တိုက်စစ်တောင်ပံကစားသမား ရီချာလီဆင်ကို သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ထားရသည်မှာလည်း ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်သည်ဟု မာကိုဆေးလ်ဗားက အသိပေးသွားခဲ့သည်။

အဲဗာတန်သည် လက်ရှိတွင် ဝဲလ်ကော့တ်(ဝမ်းဗိုက်နာကျင်မှုဝေဒနာ)၊ ကယ်လ်ဗက်လီဝင်(ခြေမျက်စိဒဏ်ရာ)၊ ဂျိမ်းမက္ကာသီ(ပေါင်ကြွက်သားလုံးဒဏ်ရာ)၊ မိုက်ကယ်ကိန်း(ဦးခေါင်းဒဏ်ရာ)၊ ဂျာဂျီရယ်လ်ကာ(အရွတ်ဒဏ်ရာ)၊ အန်ဒရေးဂိုမက်စ်(တံကောက်ကြောဒဏ်ရာ)၊ အိုင်ဒရစ်ဆာ ဂွီယီ(ဒူးဒဏ်ရာ)၊ ဘာနင်ဂျီမီ(ခြေမျက်စိဒဏ်ရာ)၊ ယာရီမီနာ(ခြေမျက်စိဒဏ်ရာ)နှင့် ဘားနတ်ဒ်(ကြွက်သားဒဏ်ရာ)တို့ကိုလည်း ဆေးကုသမှုခံယူနိုင်စေရန် အနားပေးထားရသည်။



  • VIA