POST TYPE

SPORTS

စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပြန်ရစေရန်အတွက် ဟယ်ရီကိန်းကို အနားပေးသင့်ကြောင်း ဂယ်ရီနဗီးလ် အကြံပြု
12-Sep-2018 tagged as Soccer Harry Kane England Gary Neville


လန်ဒန်၊ စက်တင်ဘာ ၁၂

ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို စိတ်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်စေရန်အတွက် အနားပေးရန် လိုအပ်နေပြီဟု အကြံပြုတိုက်တွန်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟယ်ရီကိန်းသည် ၂၀၁၅ ခုနှစ် နှစ်စမှနေ၍ လက်ရှိအချိန်တိုင်သည်အထိ စပါးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့ကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၁၇၅ ပွဲ ကစားပေးခဲ့ရပြီး ယင်းမှာ အသက် ၂၅ နှစ်အရွယ် ကစားသမားတစ်ဦးအတွက် လွန်စွာပွဲဆက်များလွန်းနေသည့် ပမာဏတစ်ရပ်ဖြစ်ကြောင်းလည်း ဂယ်ရီနဗီးလ်က ထောက်ပြသွားခဲ့သည်။

ဂယ်ရီနဗီးလ်သည် ဟယ်ရီကိန်းမှာ အသက်အရွယ်အရ ရုပ်ပိုင်းဆိုင်ရာတွင် အပြစ်ဆိုဖွယ်ရာ အနေအထား မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာကမူ ဂိုးပေါက်ပျောက်ဆုံးခြင်းနှင့် ကောင်းစွာ ခြေစွမ်းပြ မကစားနိုင်သော အခြေအနေများကြောင့် ယုံကြည်မှုပျောက်ဆုံးခြင်းဖြစ်လာနိုင်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး စပိန်နှင့်ယှဉ်ပြိုင်ခဲ့ရသော ဥရောပနိုင်ငံများလိဂ်ပွဲစဉ်၊ ဆွစ်ဇာလန်နှင့်ယှဉ်ပြိုင်ခဲ့ရသော နိုင်ငံတကာခြေစမ်းပွဲစဉ်တို့တွင် အင်္ဂလန်အသင်းအတွက် ဟယ်ရီကိန်းက အကောင်းဆုံးပုံစံဖြင့် ကစားပေးနိုင်ခဲ့ခြင်းမရှိကြောင်းလည်း ဂယ်ရီနဗီးလ်က ဆက်လက်ပြောကြားသွားခဲ့သေးသည်။

ဟယ်ရီကိန်းသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးအသင်းအတွက် သွင်းဂိုးခြောက်ဂိုး ရယူပေးကာ ဂိုးအများဆုံးသွင်းယူရရှိသူ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဟယ်ရီကိန်းမှာ အင်္ဂလန်က ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်နောက်ပိုင်းကတည်းကပင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ လျော့ကျသွားခဲ့ခြင်းဖြစ်သည်ဟု ဂယ်ရီနဗီးလ်က အသိပေးထားသည်။