News

POST TYPE

SPORTS

အေရီအိုလာကို ပွဲထွက်ဂိုးသမားအခွင့်အရေးများ ဆက်လက်ပေးအပ်သွားမည်ဟု တူချယ်လ် အသိပေး
11-Sep-2018

ပဲရစ်၊ စက်တင်ဘာ ၁၁

ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်သည် ၎င်းအနေနှင့် ရှေ့လာမည့်ပွဲစဉ်များတွင် ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို အရန်အဖြစ် ဆက်လက်ထားရှိ၍ အေရီအိုလာကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အခွင့်အရေး ဆက်ပေးသွားမည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘူဖွန်သည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပီအက်စ်ဂျီထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ရာသီဖွင့်ပွဲစဉ်သုံးပွဲတွင် ဘူဖွန်ကို နည်းပြတူချယ်လ်က ပွဲထွက်ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်သုံးပွဲတွင်မူ အေရီအိုလာကို နည်းပြတူချယ်လ်က အခွင့်အရေးပြန်ပေးခဲ့သည်။

အေရီအိုလာသည် ဂျာမနီနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပနိုင်ငံများလိဂ်ပွဲစဉ်၊ နယ်သာလန်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲစဉ်တို့တွင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ယင်းပွဲစဉ်များတွင် လက်စွမ်းပြနိုင်ခဲ့သည့် အေရီအိုလာကို နည်းပြ တူချယ်လ်က သဘောကျမှုများရှိနေပြီဖြစ်သည်။

နည်းပြ တူချယ်လ်သည် ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို ချန်ပီယံလိဂ်ပွဲစဉ်များတွင် အသုံးပြုဖွယ်ရှိနေပြီး အေရီအိုလာကို ပြည်တွင်းပွဲစဉ်များ၌ အဓိကထား နေရာပေးသွားဖွယ်ရှိနေကာ အသက် ၂၅ နှစ်အရွယ်ရှိ အေရီအိုလာမှာ ပီအက်စ်ဂျီအကယ်ဒမီက ထွက်ပေါ်လာသည့်ကစားသမားတစ်ဦးဖြစ်၍ အသင်း၏ဝိညာဉ်ဟုပင် ခေါ်ဆိုရမည့်ကစားသမားမျိုးဖြစ်ကြောင်းလည်း နည်းပြတူချယ်လ်က မှတ်ချက်ပေးထားသည်။



  • VIA