News

POST TYPE

SPORTS

အီတလီတွင် တစ်ရာသီ၌ ဂိုး ၄၀ သွင်းနိုင်ရန် ခက်ခဲကြောင်း စီရော်နယ်ဒိုကို အယ်လ်ဘိုင်ယို သတိပေး

နေပယ်လ်၊ စက်တင်ဘာ ၁၀

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ရီးရဲလ်မက်ဒရစ်ထံတွင် အသင်းဖော်များအဖြစ် ကစားသမားဘ၀ဖြတ်သန်းခဲ့ဖူးသော နာပိုလီနောက်ခံလူ ရာအူးလ် အယ်လ်ဘိုင်ယိုသည် စီရော်နယ်ဒိုကို စီးရီးအေပြိုင်ပွဲ၌ ဘောလုံးရာသီ တစ်ရာသီတွင် သွင်းဂိုး ၄၀ ရယူနိုင်ရန်ဟူသည်မှာ လွယ်ကူသည့်ကိစ္စရပ်တစ်ခု မဟုတ်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Football Italia က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ယခုမတိုင်မီတွင် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှု နောက်ဆုံးဘောလုံးရာသီ ရှစ်ရာသီ၌ ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၄၀ နှင့်အထက် ဆက်တိုက်ရယူနိုင်ခဲ့ပြီး စီးရီးအေအသင်းများ၏ခံစစ်ကစားပုံမှာ ကြံ့ခိုင်မှုအသားပေးကာ ကျစ်လျစ်တောင့်တင်းသည့်အတွက် စီရော်နယ်ဒို ဂိုးသွင်းယူနိုင်ရေးမှာ ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲတို့၌ကဲ့သို့ လွယ်ကူနိုင်လိမ့်မည်မဟုတ်ကြောင်းလည်း အယ်လ်ဘိုင်ယိုက သုံးသပ်ထားသေးသည်။

ဂျူဗင်တပ်အသင်းသည် ချီယေဗို၊ လာဇီယို၊ ပါးမားတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီဖွင့် စီးရီးအေပွဲစဉ်သုံးပွဲတွင် သွင်းဂိုးခုနစ်ဂိုးအထိ ရယူနိုင်ခဲ့ပြီး စီရော်နယ်ဒိုမှာ လက်ရှိအချိန်တိုင်သည်အထိ ဂျူဗင်တပ်အတွက် ဂိုးဖန်တီးမှု တစ်ကြိမ် ဆောင်ရွက်ပေးနိုင်သည်ကလွဲ၍ ဂိုးသွင်းယူပေးနိုင်ခြင်းမရှိဘဲ ဖြစ်နေဆဲဖြစ်သည်။

အယ်လ်ဘိုင်ယိုသည် စီရော်နယ်ဒိုမှာ ရာသီဖွင့်နှင့် ရာသီသိမ်းကာလများတွင် ဂိုးရရှိရန် ရုန်းကန်တတ်သည့်အစဉ်အလာရှိကြောင်း မှတ်ချက်ပေးထားပြီး လက်ရှိအခြေအနေတွင် စီရော်နယ်ဒိုမှာ ဖိအားများဖြင့် ရုန်းကန်နေရသော်လည်း ဂိုးပေါက်စတင်ရှာဖွေတွေ့ရှိသည်နှင့် ယုံကြည်ချက်ပိုင်းဆိုင်ရာ မြင့်မားသွားလိမ့်မည်ဟုလည်း အယ်လ်ဘိုင်ယိုက ပြောကြားထားသည်။