News

POST TYPE

SPORTS

ယူအက်စ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် တတိယအကြိမ်မြောက် ဗိုလ်စွဲ
10-Sep-2018


နယူးယောက်၊ စက်တင်ဘာ ၁၀

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သော ယူအက်စ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်က အာဂျင်တီးနားတင်းနစ်ကစားသမား ဒယ်လ်ပိုထရိုကို အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂျိုကိုဗစ်နှင့် ဒယ်လ်ပိုထရိုတို့၏ဗိုလ်လုပွဲသည် ပွဲကစားချိန် ၃ နာရီနှင့် ၁၆ မိနစ် ကြာမြင့်ခဲ့ပြီး အဆုံးသတ်တွင် ဂျိုကိုဗစ်က ဒယ်လ်ပိုထရိုကို ၆-၃၊ ၇-၆(၇-၄)၊ ၆-၃ ဖြင့် ပွဲလတ်သုံးပွဲပြတ် အနိုင်ရရှိကာ ချန်ပီယံဆုဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျိုကိုဗစ်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ဂရင်းဆလင်းပြိုင်ပွဲနှစ်ရပ်၌ ဆက်တိုက်ချန်ပီယံပြန်ဖြစ်သည့် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ရရှိသွားခဲ့ပြီး ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် ယူအက်စ်အိုးပင်းဂရင်းဆလင်းချန်ပီယံဆုကို ဂျိုကိုဗစ်က တတိယအကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ခြင်းလည်းဖြစ်သည်။

ဂျိုကိုဗစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် ဂရင်းဆလင်းပြိုင်ပွဲများ၌ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခွင့်ရရှိခြင်းဖြစ်ပြီး ယင်းအတွက် ၎င်းက ဂန္ထ၀င်ကစားသမားတစ်ဦးဖြစ်သည့် ဆမ်ပရတ်စ် တင်ရှိခဲ့သော ဂရင်းဆလင်းချန်ပီယံဆုဖလား ၁၄ ခုရရှိသည့်စံချိန်ကို လိုက်မီသွားခဲ့ပြီလည်းဖြစ်သည်။

ဂျိုကိုဗစ်သည် ယူအက်စ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးရရှိလိုက်ခြင်းကြောင့် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အဆင့်လေးနေရာသို့ မြင့်တက်ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး၂၀၁၈ နှစ်ကုန်တွင် ကမ္ဘာ့အဆင့်တစ်နေရာကို ပြန်လည်ရယူနိုင်ရန် ၎င်းအနေနှင့် ရည်မှန်းထားကြောင်းလည်း ဂျိုကိုဗစ်က ထုတ်ဖော်ပြောကြားသွားခဲ့သည်။