News

POST TYPE

SPORTS

အိုးလ်ထရက်ဖို့ဒ်တွင် မန်ယူကို အနိုင်ယူနိုင်စွမ်းရှိကြောင်း သက်သေပြရမည့်အချိန်ရောက်ပြီဟု ပိုချက်တီနို ကြုံးဝါး
20-Aug-2018


လန်ဒန်၊ သြဂုတ် ၂၀

စပါးနည်းပြ ပိုချက်တီနိုသည် လက်ရှိအချိန်တွင် ၎င်းတို့အနေနှင့် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းတွင် မန်ယူကို အနိုင်ကစားနိုင်စွမ်းရှိကြောင်း သက်သေပြရမည့်အချိန်အခါတစ်ခု ရောက်ရှိလာခဲ့ပြီဟု ကြုံးဝါးပြောဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်နှစ်ပွဲတွင် နယူးကာဆယ်နှင့် ဖူလ်ဟမ်တို့ကို ဆက်တိုက်အနိုင်ရခဲ့သော စပါးသည် ရှေ့လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်အမှတ်(၃)တွင် မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းသို့သွားရောက်၍ မန်ယူကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး လက်ရှိစွမ်းဆောင်ရည်များအရ စပါးမှာ မန်ယူကို ကြောက်ရွံ့နေရန်မလိုကြောင်းလည်း ပိုချက်တီနိုက မှတ်ချက်ပေးအပ်ထားသည်။

နည်းပြ ပိုချက်တီနိုသည် စပါးအနေနှင့် ပိတ်သိမ်းပြီးစီးခဲ့သော နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းကိုအင်အားဖြည့်တင်းမှုများ မဆောင်ရွက်နိုင်ခဲ့သော်လည်း ဟန်ချက်ညီမျှမှုကိုမူ ထိန်းညှိထားနိုင်ဆဲဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး မန်ယူမှာ တည်ငြိမ်မှုရရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသောအခြေအနေတွင်ရှိသည်ကို စပါးကစားသမားများ နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းလည်း ပိုချက်တီနိုက စိတ်ဓာတ်မြှင့်တင်ရေးစကားဆိုထားပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပိုချက်တီနိုက “မန်ယူဟာ ထိပ်သီးအသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နေဆဲဖြစ်ပေမယ့် သူတို့ကို စိုးကြောက်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ကစားသမားအစုအဖွဲ့ဟာ သူတို့ကို ရင်ဆိုင်နိုင်စွမ်းအပြည့်ရှိပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်အရလည်း အရှိန်အဟုန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီမို့ သူတို့ကို အနိုင်မရနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ယူပြဖို့ အချိန်တန်ပြီလို့ ကျွန်တော် ယူဆမိပါတယ်”ဟု ပြောကြားသွားခဲ့သည်။