News

POST TYPE

SPORTS

ရာသီကြိုခြေစမ်းပွဲများကို မျှော်လင့်ချက်များစွာ မထားကြရန် မော်ရင်ညို အသိပေး၊ မရှုမလှ ရှုံးနိမ့်သည်မျိုးပင် ရှိနိုင်ကြောင်း ပြောကြား

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၀

မန်ယူနည်းပြ မော်ရင်ညို သည် အသင်းအားပေးသူပရိသတ်များကို ရာသီကြိုခြေစမ်းပွဲရလဒ်များအပေါ်တွင် မျှော်လင့်ချက်များစွာ မထားရှိကြရန် သတိပေးစကားပြောကြားလိုက်ပြီး အချို့သောပွဲစဉ်များတွင် ၎င်းတို့အနေနှင့် မရှုမလှ အရှုံးမျိုးကို ရင်ဆိုင်ရသည့်အခြေအနေမျိုးအထိ ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု မော်ရင်ညိုက အသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်သည့် ရာသီကြိုခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲငါးပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုံးသောခြေစမ်းပွဲတွင်မူ မန်ယူက မက္ကဆီကိုကလပ် ကလပ်အမေရိကကို နောက်ကလိုက်၍ တစ်ဂိုးစီသာ သရေကစားသွားနိုင်ခဲ့သည်။

မန်ယူသည် ရှေ့လာမည့် ခြေစမ်းပွဲလေးပွဲတွင် ဆန်ဂျို့စ်အတ်သ်ကွစ်၊ အေစီမီလန်၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့နှင့် ကစားသွားရလိမ့်မည်ဖြစ်ပြီး အေစီမီလန်၊ လီဗာဗူး၊ ရီးရဲလ်မက်ဒရစ်တို့နှင့် အားပြိုင်ရမည့်ပွဲစဉ်များမှာ ICC ဟု အတိုကောက်ခေါ်ဝေါ်ကြသော အပြည်ပြည်ဆိုင်ရာဖလားပွဲစဉ်များဖြစ်ကြသည်။

မော်ရင်ညိုသည် မန်ယူမှာ အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံလက်ရွေးစင်အသင်းများကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားပေးခဲ့သော ကစားသမား ၁၂ ဦး မပါရှိဘဲနှင့် ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြထားပြီး ယင်းအချက်က ပြိုင်ဘက်များနှင့်ယှဉ်လျှင် မန်ယူအတွက် တစ်ပန်းရှုံးနေကြောင်း မော်ရင်ညိုက ထောက်ပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကလပ်အမေရိကဟာ သူတို့ရဲ့ဘောလုံးရာသီအကြိုကာလပြင်ဆင်မှု နောက်ဆုံးပွဲစဉ်တွေကို ကစားနေပါပြီ။ ဒါကြောင့် သူတို့က အကောင်းဆုံးသော အထိုင်တစ်ခုနဲ့ ကျွန်တော်တို့ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ဆန်ဂျို့စ်ကတော့ သူ့လိဂ်မှာ ဘောလုံးရာသီတစ်ဝက်အထိ ခရီးရောက်နေပါပြီ။ အသင်းက စုစည်းအားကောင်းနေပြီဖြစ်သလို တောင့်တင်းမှုနဲ့ ပြိုင်ပွဲအရှိန်တစ်ခုရနေတာက သူတို့ရဲ့အားသာချက်ပါပဲ။ လီဗာပူးကျတော့လည်း ဟန်ဒါဆန်နဲ့ အလက်ဇန္ဒားအာနိုးလ်တို့လောက်ကလွဲရင် လူစုံတက်စုံဖြစ်နေပါပြီ။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့ဖလားကနေ စပိန်အသင်း စောစောစီးစီး ထွက်လိုက်ရတာကြောင့် တစ်ချို့ကစားသမားတွေကို အသင်းဆီ ပြန်ခေါ်ထားလိုက်နိုင်ပါပြီ။ ဘင်ဇီးမားနဲ့ ဂါရတ်ဘေးလ်တို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ မကစားခဲ့ရလို့ ရီးရဲလ်မက်ဒရစ်နဲ့အတူ အမေရိကဆီ လိုက်ပါလာကြမှာပါ။ ကျွန်တော်တို့ကတော့ ကစားသမား မစုံမလင်နဲ့ ဒီကိုရောက်လာတာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကို ပြောချင်တာက ပွဲရလဒ်တွေအပေါ် အများကြီး မျှော်လင့်ချက် မထားဖို့ပါပဲ။ တစ်ချို့ပွဲစဉ်တွေမှာဆိုရင် ကျွန်တော်တို့ ဂိုးပြတ်ရှုံးတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။